မုံရွာမြို့နယ် မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုလိုက်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး

By ပါခွီး (မဇ္စျိမ)
11 July 2023
မုံရွာမြို့နယ် မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုလိုက်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး
Photo - မီးရှို့ခံထားရသည့် မအူကျေးရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မိသားစုလိုက်ထိမှန်ခဲ့ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ကြောင်း မုံရွာ-အမြင့် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

မုံရွာမြို့အဝင် မအူမုခ်ပေါက်ဂိတ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများက ဇူလိုင်လ ၁၀ ရက် ညနေ ၅ နာရီ ၅၁ မိနစ်အချိန်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်နက်ကြီးကျည်သည် နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး မအူကျေးရွာမှ မနွယ်ဝင်း(၄၅ နှစ်)သေ ဆုံးခဲ့ပြီး ၎င်း၏ခင်ပွန်း (၅၀ နှစ်)အပြင် အသက် ခုနစ်နှစ်နှင့် ငါးနှစ်အရွယ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ အဲဒီဂိတ်ကို ကာကွယ်ရေးအဖွဲ့တဖွဲ့က သွားပစ်တယ်လို့ကြားတယ်။ လက်နက်ကြီးအသံ လေး - ငါး ချက် လောက်ကြားလိုက်ရတယ် ” ဟု ဒေသခံတဦးက မဇ္စျိမသို့ပြောသည်။

သို့သော် အဆိုပါဂိတ်ကို မည်သည့်အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဆိုသည်ကို မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုအပြီး ဇူလိုင်လ ၁၁ ရက် ယနေ့နံနက် ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးလာပြီး မအူရွာကိုဝင်ရောက်ကာ နေအိမ် ကိုးလုံးကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

မအူဂိတ်သည် စစ်ကောင်စီတပ်သား ၄၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ဒေသတွင်း ခရီးသွားများကို စစ်ဆေးခြင်းများအပြင် နယ်မြေတွင်းစစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် မအူဂိတ်သည် မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ၎င်းဂိတ်နှင့်မနီးမဝေးတွင်ရှိသော မုံရွာမြို့ ကညန ရုံး၊ ရေဦးဆန်ဆိုင်ဂိတ်များတွင်လည်း စစ်ကောင်စီတပ်မှ တပ်စွဲထားမှုများရှိနေသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required