ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိ

By ဂန္ဒမာ (မဇ္ဈိမ)
11 July 2023
ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိ

နွေဦးတော်လှန်ရေးအတွက် ပထမဦးဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်မည့် ကရင်နီဒေသအတွက်  ခွဲစိတ်ခန်းပစ္စည်းကိရိယာစုံပါ ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိကြောင်း ပရောဂျက် ဦးဆောင်သူထံမှတစ်ဆင့် သိရသည်။

"ဒီနေရာမှာက ဆေးရုံနဲ့တော်တော်အလှမ်းဝေးတဲ့နေရာဖြစ်တယ်။ စစ်ကောင်စီတပ်ကလည်း အမြဲစစ်ကြောင်းထိုးနေကြနေရာဖြစ်တယ်။ ရဲဘော်တွေ တော်ရုံထိခိုက်တာလောက်ကတော့ ရှေ့တန်းဆေးအဖွဲ့ရှိတယ်။ ကြီးကြီးမားမားဖြစ်ရင်ကြတော့ လမ်းခရီးကြမ်းတာ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေကြောင့် ရဲဘော်တွေဟာ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာတွေ အများကြီးရှိတယ်။ အဘက်ဘက်က အန္တရာယ်များလို့ မလုပ်ဖြစ်တာထက် အပြစ်ထက်အကျိုးကပိုများနိုင်လို့ ဒီပရောဂျက်ကို အကောင် အထည်ဖော်ဖြစ်တာ ဖြစ်တယ်။" ဟူ၍ ကိန္နရာဆေးရုံတည်ဆောက်ရေးအတွက် ဘဏ္ဍာငွေရှာဖြေရေးပိုင်းနှင့်ပတ်သက်၍ ပရောဂျက်ကို ဦးဆောင်သူက မဇ္ဈိမ ကို ပြောသည်။

ကိန္နရာဆေးရုံတည်ဆောက်မည့် နေရာပတ်ဝန်းကျင်သည် စစ်ကောင်စီတပ်မှ ပုံမှန်စစ်ကြောင်းထိုးကာ အလုံးအရင်းနှင့် တိုက်ခိုက်မှုပြုလုပ်နေသောနေရာဖြစ်သည့်အတွက် ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးသဖြင့် ဆေးရုံရောက်ရန် သွားရာတွင် တိုက်ပွဲများကိုဖြတ်ရသည့်အခါ ကြန့်ကြာမှုများရှိသည့်အတွက် ဒဏ်ရာရရဲဘော်အခြေအနေပေါ်မူတည်၍ သွေးထွက်လွန်ပြီး သေဆုံးခြင်း၊ ကယ်ဆယ်ဖို့အချိန်မမီခြင်း စသည့်အခက်အခဲများ မြေပြင်တွင်အဓိက ကြုံတွေ့ဖြတ်သန်းနေရကြောင်း သိရသည်။

၎င်းနေရာဒေသတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ပစ်ခတ်တိုက်မှုများလည်း ရှိနေခြင်းကြောင့် ဆေးရုံတည်ဆောက်ရန် နေရာရွေးချယ်မှုအပိုင်းကိုလည်း ဆေးရုံတည်ဆောက်မည့် Dove KK အဖွဲ့က ပြောသည်။

"အခုရွေးချယ်လိုက်တဲ့နေရာက အဓိကက မြေပြင်ရဲဘော်တွေလက်လှမ်းမီနိုင်တဲ့ အကွာအဝေးမှာရှိတယ်။ ရဲဘော်တွေမှာ တစ်စုံတစ်ခုကြုံတွေ့လာခဲ့ရင်တောင် အရင်လိုခရီးဝေးဆက်မသွားရတော့ဘဲ စောလျင်စွာကယ်ဆယ်ကုသနိုင်မယ်။ မြေပြင်ဆိုကတည်းကတော့ အန္တရာယ်အနည်းနဲ့အများတော့ရှိကြတာပါပဲ။ " ဟူ၍ ပြောသည်။

ကိန္နရာဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သိန်း ၂ ,၅၀၀ ကမ်ပိန်းကို ဇူလိုင်လ ၁ ရက် ည ၈ နာရီမှစတင်ကာပြုလုပ်ထားပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်း ပြည့်မီနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကမ်ပိန်းမှရရှိငွေများအား ဆေးရုံတည်ဆောက်မည့် Dove KK အဖွဲ့ထံသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကမ်ပိန်းဦးဆောင်သည့် We Love Myanmar Family(WLMF) အဖွဲ့ထံမှ သိရသည်။

Dove KK သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ မြေပြင်တွင်စတင်လှုပ်ရှားခဲ့ပြီး ရှမ်း-တောင်နှင့် ကရင်နီပြည်နယ် ဒေသများတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ ပါဝင်ခဲ့ကာ လျှို့ဝှက်စခန်းသိမ်းတိုက်ပွဲများတွင် ကယ်ဆယ်ကုသခြင်းများတွင်လည်း ပါဝင်ခဲ့သည်။ 

ထို့အပြင်စစ်ဘေးရှောင်ပြည်သူများနှင့် ကျေးရွာများနေပြည်သူတို့ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

 Dove KK သည် Humanitarian Organisation အဖြစ် ရပ်တည်လျက်ရှိပြီး ဆေးအဖွဲ့အပြင် ပညာရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သောလုပ်ငန်းစဉ်များကိုလည်း လှုပ်ရှားနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

စာတည်း-သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly