သံဖြူဇရပ်မြို့ NLD ပါတီရုံးကို စစ်ကောင်စီ ချိပ်ပိတ်

By ဂျူချန်း (မဇ္ဈိမ)
07 July 2023
သံဖြူဇရပ်မြို့ NLD ပါတီရုံးကို စစ်ကောင်စီ ချိပ်ပိတ်
Photo - NLD ရုံးအား ချိပ်ပိတ်ရာတွင်ပါဝင်သူများ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးကို  စစ်ကောင်စီတပ်က ဇူလိုင်လ ၅ရက်နေ့တွင်  ချိပ်ပိတ်သွားကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ အိမ်တစ်အိမ်တွင်ဖွင့်လှစ်ထားသည့်  NLDပါတီရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက  ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ ကျော်ခန့်တွင် လာရောက်ချိပ်ပိတ်ခြင်းဖြစ်ကြောင်း သိရသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းပဲ ရုံးပိတ်လိုက်တာဆိုတော့ အဝင်အထွက်လည်းမရှိကြတော့ဘူး။ ကြာပြီပိတ်ထားတာ” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် ရှိ NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်နှင့် NLD ပါတီဝင်များ၏ နေအိမ်၊ ရုံးခန်းများကို ချိပ်ပိတ်သိမ်းဆည်းနေသည်။ပြီးခဲ့ သည့် မေလနှင့် ဇွန်လကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် ဧရာဝတီတိုင်း၊ ဇလွန်နှင့် ဟင်္သာတမြို့နယ်များမှ NLD ပါတီရုံးခန်းများကို ဖျက်ဆီးခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်းနှင့် ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက NLD ပါတီရုံးများကို ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မသိမ်းဆည်းယူဆောင်ခြင်း (၁၅၄) ကြိမ် ရှိခဲ့ပြီး  နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ဦးရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထိုအကြမ်းဖက်ဖျက်ဆီးမှုများအတွက် စစ်ကောင်စီက တာဝန်ခံရမည်ဟုလည်း NLD ပါတီနှင့် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သတိပေးထားသည်။

မွန်ပြည်နယ်တွင် ယခုအခါ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်နေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက  စစ်ကောင်စီ ကင်းစခန်းများ တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းပေါ်မှ တံတားများ ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်နေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly