ရခိုင်တွင် မိုးကြိုးထိမှန်၍ လူ ၂ ဦး သေဆုံး

ရခိုင်တွင် မိုးကြိုးထိမှန်၍ လူ ၂ ဦး သေဆုံး

စစ်တွေ၊ ဧပြီ ၂ ရက် ။            ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကမာကျေးရွာတွင် ဧပြီ ၁ ရက် နေ့လည် ၃ နာရီအချိန်ခန့်က မိုးကြိုးထိမှန်ပြီး လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး   သေဆုံးခဲ့ကြောင်း သိရသည်။

မိုးကြိုးထိမှန်ပြီး သေဆုံးသွားသူများမှာ ကမာကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ကိုသက်နိုင်ဦး (ဘ) ဦးဖြူလှချေ နှင့် အသက် ၃ နှစ်အရွယ် မပြည့်ဖူးခိုင် (ဘ) ဦးမြဝင်းတို့ဖြစ်ပြီး မိုးကြိုးထိမှန်မှန်ချင်း   သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းက အတည်ပြု ပြောကြားခဲ့သည်။

"မှန်ပါတယ်။ မိုးကြိုးထိမှန်ပြီး သေဆုံးတယ်ဆိုတာ။ သေမှုသေခင်းဆိုင်ရာ ဥပဒေပုဒ်မ လမု/၃/၂၀၁၆ နဲ့ ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု တောင်ကုတ်မြို့နယ် လမု ရဲစခန်းမှ ရဲအုပ် မိုးအောင်က မဇ္ဈိမကို ပြောသည်။

ဖြစ်ပွားခဲ့ပုံမှာ လေပြင်းတိုက်နေစဉ်အတွင်း သေဆုံးသူ ကိုကိုသက်နိုင်ဦးက အိမ်နီးချင်းဖြစ်သူ မသန်းသန်းမြင့်၏ နေအိမ်သို့ဝင်ရောက်ပြီး မပြည့်ဖူးငုံကို နှုတ်ဆက်ရာမှ မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း   တောင်ကုတ်မြို့နယ်၊ လမုရဲစခန်းက အတည်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required