လစာ ၅၆ ရာခိုင်နှုန်းကျော် တိုးပေးမှုကို ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ လက်မခံ

လစာ ၅၆ ရာခိုင်နှုန်းကျော် တိုးပေးမှုကို ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ လက်မခံ
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အင်အား လေးသန်းမျှရှိသော အထည်ချုပ်အလုပ်သမားများအတွက် လစဉ် အနိမ့်ဆုံးလစာကို ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း အင်္ဂါနေ့က တိုးပေးသော်လည်း လစာသုံးဆနီးပါး တိုးပေးရန် ကြိုးပမ်းနေသည့် သမဂ္ဂများက ချက်ချင်းပင် လက်မခံဘဲ ပယ်ချလိုက်သည်။

တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချက်စက်ရုံပေါင်း ၃,၅၀၀ သည် နှစ်စဉ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်းကို ရှာဖွေပေးနေပြီး Levi’s၊ Zara နှင့် H&M အပါအဝင် ကမ္ဘာ့ထိပ်တန်းဖက်ရှင်များကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။

သို့ရာတွင် အထည်ချုပ်လုပ်ငန်း၏ လေးသန်းမျှသော အလုပ်သမားများ အများစု၏ အခြေအနေသည် ဆိုးဝါးနေပြီး အမျိုးသမီးများ အများစုဖြစ်သည့် ယင်းလုပ်ငန်းတွင် လစာကို တာကာ ၈,၃၀၀ (အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ) မှ စတင် ရရှိကြခြင်း ဖြစ်သည်။

၎င်းတို့၏ လုပ်ခလစာကို သုံးဆနီးပါး တိုးပေးရန် တောင်းဆိုကြပြီး အလုပ်သမားများက ဆန္ဒပြကြရာ မကြာသေးခင်၌ အကြမ်းဖက်မှုများ ဖြစ်သည်လည်း ရှိခဲ့ကာ လုပ်ငန်းရှင်များက ၂၅ ရာခိုင်နှုန်း တိုးပေးမည်ဟု ကမ်းလှမ်းလာသည်။

အနိမ့်ဆုံးလစာကို ကုန်ထုတ်လုပ်သူများ၊ သမဂ္ဂများနှင့် လစာကျွမ်းကျင်သူများ ပါဝင်သည့် ကိုယ်စားလှယ်ဖြင့် ဖွဲ့စည်းသော နိုင်ငံက ခန့်အပ်သည့် ဘုတ်အဖွဲ့က သတ်မှတ်ပေးခြင်း ဖြစ်သည်။

“အထည်ချုပ်အလုပ်သမားတွေအတွက် လုပ်ခလစာသစ်ဟာ တာကာ ၁၂,၅၀၀ (၁၁၃ ဒေါ်လာ) ရရှိမှာ ဖြစ်ပါတယ်”ဟု ဘုတ်အဖွဲ့အတွင်းရေးမှူး ရိုင်ရှာ အက်ဖ်ရိုဇ်က အေအက်ဖ်ပီသို့ ပြောသည်။

ထို နှုန်းထားကို သမဂ္ဂများက ချက်ချင်းပင် ပယ်ချပြီး တာကာ ၂၃,၀၀၀ အနိမ့်ဆုံးလစာ တောင်းဆိုထားကြခြင်း ဖြစ်သည်။

အလုပ်သမားများသည် အောက်တိုဘာလ၌ ၁၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့သော ငွေကြေးဖောင်းပွမှုကြောင့် ခက်ခဲနေပြီး ပြီးခဲ့သည့်နှစ် အစောပိုင်းမှစကာ အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တာကာငွေကြေးက ၃၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခြင်းကြောင့် နေထိုင်စားသောက်ရေး ကုန်ကျစရိတ်ထောင်းခြင်းနှင့် ရင်ဆိုင်နေရကြောင်း သမဂ္ဂများက ပြောကြသည်။

“ဒါကို လက်မခံပါဘူး၊ ကျွန်တော်တို့တွေ မျှော်မှန်းချက်‌ အောက်မှာပဲ ရှိနေသေးလို့ပါ”ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ်နှင့် စက်မှုအလုပ်သမားများ အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ ကယ်ပိုနာ အက်တာက ပြောခဲ့သည်။

ယခု လစာ တိုးပေးသည့် နှုန်းထားကို ကြေညာပြီးနောက်တွင် ရာပေါင်းများစွာသော အလုပ်သမားများသည် အလုပ်သမားဝန်ကြီးဌာနနှင့် ကိုက်အနည်းငယ်အကွာတွင် စိတ်ဆိုးဒေါသ ထွက်ကြကာ ဆန္ဒပြကြသည်။

“အနိမ့်ဆုံး လစာသစ်ကို ကျွန်တော်တော့ လက်မခံပါဘူး”ဟု အသက် ၂၁ နှစ်ရှိ အထည်ချုပ် အလုပ်သမား ဆာဂျဲ မီယာက ပြောသည်။

“ဒါဟာ ကျွန်တော်တို့အပေါ် မမျှတတာပဲ၊ အာဏာပိုင်တွေက ဈေးကွက်အခြေအနေကို မလေ့လာဘူး၊ သူတို့ဟာ သူတို့ အကျိုးစီးပွားကိုပဲ ဂရုစိုက်ကြတယ်”ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required