ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့်  ၄ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၈ဦးသေဆုံး၊ စစ်ရှုံးနေသည့် စစ်ကောင်စီက ပြည်သူကို ရန်သူသဖွယ်တိုက်ခိုက်နေဟုNUGဝန်ကြီးပြော

By ရွှေနွယ်( မဇ္ဈိမ )
28 June 2023
ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့်  ၄ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၈ဦးသေဆုံး၊ စစ်ရှုံးနေသည့် စစ်ကောင်စီက ပြည်သူကို ရန်သူသဖွယ်တိုက်ခိုက်နေဟုNUGဝန်ကြီးပြော

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့်  လေးနှစ်အရွယ်ကလေးငယ်အပါအဝင် လေးရက်အတွင်း  အရပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြည်သူကို ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင်၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်နေရာ ဇွန်လ ၂၄ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်တွင် လူနေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး  အရပ်သားပြည်သူ ရှစ်ဦးသေဆုံးခဲ့သည်ဟုဒေသခံများကပြောသည်။။သေဆုံးသူများတွင် အသက်၄နှစ်မှ ၁၄နှစ်အတွင်း ကလေးသူငယ် လေးဦးပါဝင်သည်ဟု ဆိုသည်။

" လက်နက်ကြီးနဲ့ရမ်းပစ်နေတာ ၂၀ ရက်နေ့ကတည်းကပါ။ ဘာတိုက်ပွဲမှဖြစ်မနေပါဘူး ။ ၂၄ ရက်နေ့ကစပြီး ရွာခံတွေပြည်သူတွေသေဆုံးဒဏ်ရာရ စဖြစ်ပါတယ်။ ပစ်နေတာက ကျောက်တံခါးမြို့ပေါ်မှာ အထိုင်လာချထားတဲ့ပူးပေါင်းတပ်က မြို့ပေါ်ကနေ လှမ်းပစ်နေတာပါ” ဟု ကျောက်တံခါးမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

သေဆုံးသူများမှာ နော်ခင်အေးဌေး (၄ နှစ်)၊ မောင်ဥာဏ်လင်းမြင့် (၁၄နှစ်)၊ မောင်ဖြိုးဝေလင်း (၁၄ နှစ်)၊ မဖြူနှင်းသန့် (၁၃ နှစ်)၊ ဒေါ်ခင်နု (၅၀ နှစ်)၊ ဒေါ်လင်းလင်းအေး (၄၀ နှစ်)၊ ကိုနေလင်းအောင် (၂၅နှစ်)နှင့် အတီးစောလေးစွိ (၅၅) နှစ်တို့ ဖြစ်သည်ဟု သိရသည်။ အချို့သည် နေအိမ်အတွင်းရှိနေစဉ် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့ရပြီး အချို့သည် စစ်ဘေးရှောင်ရန် ထွက်ပြေးစဉ် လက်နက်ကြီးကျည်ထိမှန်သေဆုံးခြင်းဟု ဒေသခံများက ပြောသည်။

ကျောက်တံခါးမြို့နယ်အပါအဝင် ဒေသအများစုတွင်  အရပ်သားပြည်သူများအား   ယခုကဲ့သို့ သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ ပြစ်မှုများအတွက် တရားမျှတမှုကိုရှာဖွေသွားမည်ဟု ဒေါက်တာဝင်းမြတ်အေးကပြောသည်။ ကျောက်တံခါးမြို့နယ်သည် ဒေါက်တာဝင်းမြတ်အေး၏ မဲဆန္ဒနယ်တွင် ပါဝင်သည်။

"  စစ်ကောင်စီဟာ ရှုံးနိမ့်လေ အကြမ်းဖက်လေပဲ။ ပြည်သူအပေါ် မတရားလုပ်နေတယ်။  တရားမျှတမှုကို ပြန်လည်ရှာဖွေတဲ့နေရာမှာ ကြီးမားတဲ့ ပြစ်ချက်တွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ပြည်သူတွေ အားတင်းထားပါ" ဟု ဒေါက်တာဝင်းမြတ်အေးကပြောသည်။

ဆက်လက်၍ " တိုက်ပွဲဖြစ်တဲ့အခါမှာ အရပ်သားတွေထိခိုက်မလားလို့ စိုးရိမ်ပူပန်မှုမထားဘဲ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်တယ်။ ဒီနှစ်မျိုးစလုံးဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို တကယ်ချိုးဖောက်နေတာဖြစ်တယ်" ဟု ပြောသည်။

ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ ပဲခူးတိုင်းဒေသကြီး၊မဲဆန္ဒနယ် ၄ (ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့‌နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။ 

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ ထပ်မံ၍ ရွေးကောက်ခံခဲ့ရသည်။ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့သည်။

လတ်တလောတွင်  စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာ ၁၃ ရွာမှ ဒေသခံအရပ်သားပြည်သူ ၁,၅၀၀ ခန့်သည် ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ စစ်ဘေးရှောင်နေကြရသည်သိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံခါးမြို့ပေါ်မှ စစ်ကောင်စီတပ် အင်အား ၈၀ ခန့်သည် ကျောက်တံခါးမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ စတင်စစ်ကြောင်းထိုးနေပြီး ရေလည်စုရွာနှင့် သင်္ဃန်းချောင်းရွာသို့ နှစ်ဖွဲ့ခွဲရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယခုဇွန်လ ပထမပတ်မှစတင်ကာ စစ်တောင်းမြစ်၏ အရှေ့ဘက်ကပ်လျက်ရှိ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ အရေးပါသည့်ထောက်ပို့လမ်းကြောင်းဖြစ်သော နတ်သံကွင်းမြို့ စစ်တောင်းမြစ်ကူးတံတားကိုဖောက်ခွဲခဲ့သည်။ထို့နောက်တွင် စစ်ကောင်စီတပ်များက စစ်တောင်းမြစ်၏ အနောက်ဘက်ရှိ ကျောက်တံခါးမြို့၊ ဖြူးမြို့နှင့် ကညွတ်ကွင်းမြို့တို့တွင် စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားလာခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required