စစ်ကောင်စီနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံမည်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
25 June 2023
စစ်ကောင်စီနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံမည်
Photo - ပုံဟောင်း။ 3m

နေပြည်တော်တွင် စစ်ကောင်စီနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လာမည့် ဇွန်လ ၂၆ရက်နေ့မှစတင်ပြီး ၃ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်ပါဝင်သည့်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့က တက်ရောက်သွားမည်ဟု သိရသည်။

“ကျနော်တို့ငါးဖွဲ့ စုပေါင်းပြီးတော့ စစ်ကောင်စီဖိတ်တဲ့ တွေ့ဆုံပွဲကို အတူတူသွားတွေ့ကြမယ်ပေါ့ဗျာ။ ဖိတ်စာအရတော့ တွေ့ဆုံဆွေးနွေးရန် အဲဒီလောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးရန်လည်း မပြောဘူး။ နိုင်ငံရေးကိစ္စလို့လည်း မပြောဘူး။ တွေ့ဆုံဆွေးနွေးရန်ဆိုတဲ့ အကြောင်းကြားချက်အရပေါ့လေ“ ဟု အပစ်ရပ်ငါးဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲကို ဇွန်လ ၂၆ရက် ၊ ၂၇ ရက် နှင့်၂၈ရက်တို့တွင် ကျင်းပသွားမည်ဟုသာသိရပြီး မည်သည့်အကြောင်းအရာများ ထည့်သွင်းဆွေးနွေးမည်ကိုမူ သိရှိရခြင်းမရှိသေးဘဲ အပစ်ရပ်အဖွဲ့များဘက်က အားလုံးဆွေးနွေးသဘော တူထားသည်ကို တင်ပြဆွေးနွေးသွားမည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီနှင့်တွေ့ဆုံပွဲများတွင် ပုံမှန်ပါဝင်နေကြဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်ပြန်လည်  ထူထောင်‌ရေးကောင်စီ (RCSS) တို့သည် ယခင်အစည်းအဝေးများတွင် ၎င်းတို့အစီစဉ်ဖြင့် တက်ရောက်ခဲ့သည့်အတွက်  လက်ရှိအစည်အဝေးတွင် ပါဝင်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရပေ။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို  ၎င်း ကိုယ်တိုင် တွေ့ဆုံမည်ဟု ကြွေးကြော်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက စတင်ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကမူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံရှိ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ (၁၀၆)ကြိမ် ပြုလုပ်ထားပြီး ဆွေးနွေးညှိနှိုင်းမှု အကြိမ် ၅, ၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။

ထိုသို့ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း စစ်ကောင်စီသည် လေကြောင်း အသုံးပြု တိုက်ခိုက်မှုများပါ ပြုလုပ်နေသည်။ အထူးသဖြင့် ကရင်ဒေသကို ကိုယ်စားပြုပြီး တက်ရောက်သည့် အဖွဲ့နှစ်ခုရှိနေသည့် ကရင်ပြည်နယ်တွင်ပင် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ စစ်ကြောင်းထိုးမှုကြောင့် သေဆုံးရသူများနှင့်စစ်ရှောင်ရသူများမှာ တဖြည်းဖြည်းတိုးလာသည်။

တွေ့ဆုံဆွေးနွေးပွဲများ၏ ရလဒ်များနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က “ရိုးရိုးသားပြောရရင် လက်ရှိပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအကြပ်အတည်းကာလမှာ‌တော့ ကျနော်တို့ ကြိုးပမ်းနေဆဲပဲရှိတယ်ဆိုတာကို အကျဉ်းချုပ်ပြောလို့ရပါတယ်” ဟုဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက တရုတ်နိုင်ငံဘက်က စီစဉ်မှုဖြင့်‌ မြောက်ပိုင်းညီနောင် သုံးဖွဲ့နှင့် တွေ့ဆုံမှုရှိခဲ့သော်လည်း ဆွေးနွေးပွဲတွင်  မည်သည့်ရလဒ်မျှ ရရှိခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required