ကျောက်လုံးကြီးစခန်းအား ဇွန်လအတွင်း ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၂) ပြော 

By YT (မဇ္ဈိမ)
24 June 2023
ကျောက်လုံးကြီးစခန်းအား ဇွန်လအတွင်း ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၂) ပြော 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ လိပ်သို- တောင်ငူကားလမ်းဘေးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လအတွင်း သုံးကြိမ်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

" ကျောက်လုံးကြီးစခန်းက တောင်ငူကနေ လိပ်သိုသွားတဲ့လမ်းကြားမှာ ရှိတယ်။ အင်အားကတော့ အနည်းဆုံး လေးငါးဆယ်လောက်တော့ရှိမယ်။ မြေပြင်ချည်းပဲ သွားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် အထိုင်ချနေသော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၂၀ ရက်နေ့တွင် တစ်ကြိမ် မြေပြင်မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်မူ အထိအခိုက်မရှိခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

" သူတို့ဘက်က ၁၀ ဦးထက်မနည်းသေတယ်၊ အတိအကျ ဒဏ်ရာရတာတော့ သုံးယောက်ပဲသိရတယ်၊ KNLA ဘက်မှာတော့ ထိခိုက်မှု မရှိပါဘူး" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

တိုက်ပွဲဖြစ်စဉ်များအတွင်း သံတောင် (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်း၊ ထုံးဘိုကြီးစခန်း၊ လိပ်သိုမြို့အခြေစိုက် အမှတ်(၆၀၃) ဗျူဟာကုန်း တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးခဲ့ကြကြောင်းလည်း သိရသည်။

ထို့အပြင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ​၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အထိနာခဲ့သော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ကျောက်လုံးကြီးကျေးရွာ၊ ရွာသစ်၊ ကွမ်းပင်ကျေးရွာ အစရှိသော ကျေးရွာများ​၏ အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် အဆိုပါကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) ၊ PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိပြီး ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒု-ရင်းမှူး အပါအဝင် တပ်သားအချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများစွာ ရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required