ပန်းသာရွာတိုက်ပွဲ ၈ ရက်မြောက်နေ့ ဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
22 June 2023
ပန်းသာရွာတိုက်ပွဲ ၈ ရက်မြောက်နေ့ ဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ပန်းသာရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံများနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ရှစ်ရက်မြောက်နေ့အဖြစ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ 

ပန်းသာရွာအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်၎င်း၏ လက်အောက်ခံတပ်များကို တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များမှ ဇွန်လ ၁၅ရက် နေ့မှ စတင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“စကစတွေ အထိနာနေလို့ လေကြောင်းကနေ နေ့စဉ်လိုလို လာပစ်နေတယ် ၊ ထောက်ပို့လေယာဉ်နဲ့လည်း ရိက္ခာ နဲ့ကျည်တွေလာချပေးတယ်လို့သိရတယ်၊ မြေပြင်က အင်အားဖြည့်ဘို့မလွယ်တော့ လေကြောင်းအားကိုး ပစ်နေတာ” ဟု တမူးမြို့နယ် စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ရှစ်ရက်မြောက်အဖြစ် ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တမူးမြို့နှင့် ကလေးမြို့များဖက်မှလည်း အင်အားဖြည့်တင်းရန် ခက်ခဲနေသဖြင့် စစ်ကောင်စီတပ် လေကြောင်းမှ နေ့စဉ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းဆိုသည်။

၎င်းအပြင် ထောက်ပို့ယာဉ်မှလည်း လေထီးဖြင့် နှစ်ကြိမ် လက်နက်ကြီးကျည်၊ ၊လက်နက်ငယ်ကျည် ၊ ရိက္ခာနှင့် ဆေးဝါးသေတ္တာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါရွာအတွင်း ပိတ်မိသူများမှာ စစ်ကောင်စီတပ်သာမက ရဲ ၊ ပျူစောထီး ၊ ကသည်း ၊ ရှမ်းနီတပ်များပါဝင်လျက်ရှိပြီး အထိအခိုက်အကျအဆုံးများပြား လျက်ရှိနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများ၏ အလောင်းများကို ကျေးရွာအတွင်းရှိ နေအိမ်အချို့အတွင်းသို့ထည့်သွင်း၍ နေအိမ်ကိုမီးရှို့ပြီး သင်္ဂြိုဟ်နေကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မဇ္စျိမက ရုပ်သံအချို့ကို လက်ခံရရှိခဲ့ပြီး ယင်းတို့ အထဲတွင် စစ်ကောင်စီရဟတ်ယာဉ်မှ ဝဲပျံသန်းလျက်ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့ များ ချီတက်သွားကြပုံနှင့် ဒဏ်ရာရရှိသည့် ရဲဘော်များ သယ်ဆောင်လာသည်များကို မြင်တွေ့ရသည်။

စစ်ကောင်စီတပ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့မှုများရှိနေသော်လည်း အရေအတွက်ကိုမူ မသိရှိရသေးကြောင်း စောင့်ကြည့်လေ့လာသူဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှလည်း ရဲဘော် ၂၀ကျော် ကျည်ဆန်အပိုင်းအစများ ထိမှန်ဒဏ်ရာရရှိထားပြီး ကျဆုံးသူမရှိသေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို တမူးခရိုင် အတွင်းအခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းမဟာမိတ်များမှ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ်ရှိကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူက ပြောဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly