ဟားခါးမြို့နယ် လုံခါရ်တောင် တိုက်ပွဲတွင် ချင်းရဲဘော် ၂ဦးကျဆုံး

By ပါခွီး (မဇ္စျိမ)
13 June 2023
ဟားခါးမြို့နယ် လုံခါရ်တောင် တိုက်ပွဲတွင် ချင်းရဲဘော် ၂ဦးကျဆုံး

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၌ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း The Zotung Post က ဇွန်လ ၁၂ရက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ဇွန်လ ၁၂ရက် နံနက် ၄ နာရီ ၃၀မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

CNA တပ်ဖွဲ့ဝင် ဇိုတုန်းလူငယ် နှစ်ဦးဖြစ်သော ဆလိုင်းဆန်းဦး နှင့် ဆလိုင်း ထောင်နော်ဟွေ တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တည်ကြည်ရဲရင့်သော စိတ်ဓာတ်ကို လေးစားအသိမှတ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းပြီး ၎င်းတို့၏ ပေးဆပ်မှုသည် ဇိုတုန် အမျိုးသားတစ်ရပ်လုံးတွင် ထာဝရတည်ရှိမည်ဖြစ်ကြောင်း CDF – Zotung မှ မှတ်တမ်းတင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၆ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ဖြင့် ဟားခါးမြို့နယ်မှ ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ CNA နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ ဟာခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများနှင့် မြေပြင်ထိုးစစ်ကို ကူညီ‌ပေးခြင်းများ ရှိနေကြောင်း သိရသည်။

ထိုသို့ စစ်ကူများ ရှိနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ခန့် ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ သီးမစ်လွင်ပြင် တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ၁၇ဦးကျဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိထားကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required