အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားမှုများ

 အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားမှုများ
Photo - အရပ်သားအစိုးရ လက်ထက် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ မြန်မာနိုင်ငံသို့ လာရောက်စဥ်

နယူးဒေလီရှိ မူဝါဒသုတေသနစင်တာ၏ တွဲဖက်ပညာရှင် အန်ရူမင်း ရှောင်ဒရီ (Angshuman Choudhury) အား  အီဂေါ ဘလေဇာဗစ် ( Igor Blazevic) က မေးမြန်းထားသည်။ 
 
အိန္ဒိယရဲ့ မူဝါဒဟာ နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့  စစ်အစိုးရဖြစ်စေ အရပ်သားအစိုးရ ဖြစ်စေ ဘယ်သူနဲ့မဆိုလက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ အတွေးအခေါ်ကိုပဲ အမြဲလိုက်နာခဲ့တာပါ။ ထပ်လောင်းပြောရရင် အိန္ဒိယက မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းကလည်း ရှည်လျားပါတယ်။ မြန်မာစစ်တပ်နဲ့တွဲဖက်လုပ်ဆောင်နေတဲ့ လမ်းကြောင်းမှီခိုမှု (path dependency )လည်း ရှိပါတယ်။

နယူးဒေလီရဲ့ နိုင်ငံခြားရေးမူဝါဒက ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပိတ်မိနေလို့   အိန္ဒိယနိုင်ငံက ဒီလိုတွေ လုပ်နေတာပါ။ လက်ရှိမှာ မြန်မာစစ်တပ်က  နယ်မြေအများအပြားကို မထိန်းချုပ်နိုင်ပေမယ့်  နောက်ဆုံးမှာတော့ ပြန်လည်ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် ဒေလီမှာ မြန်မာစစ်တပ်ကို လောင်းကြေးထပ်ဖို့ လိုအပ်တယ်ဟု ယုံကြည်ကြပါတယ်။ တခြား ပိုမိုလွှမ်းမိုးနိုငတဲ့ အင်အားစုလည်း မရှိဘူးဆိုတော့။ အတိတ်တုန်းကလည်း စစ်တပ်ကို ခုခံခဲ့ကြပေမယ့် နောက်ဆုံးမှာတော့စစ်တပ်က အမြဲတမ်း အောင်နိုင်ခဲ့တယ်။ဒါကြောင့် စစ်တပ်ကို နိုင်မြင်းအဖြစ် မြင်ကြတယ်။ နယူးဒေလီအစိုးရက အခု မြန်မာနိုင်ငံအခြေအနေက အရင်ကနဲ့ အလွန်တရာကွာခြားတယ်ဆိုတာကို နားမလည်ပါဘူး။  
 
မြန်မာနိုင်ငံမှာ တရားဝင်မှုကို သိသိသာသာချုပ်ကိုင်နေတာ တော်လှန်ရေးအင်အားစုတွေဖြစ်ကြောင်း မီးမောင်းထိုးပြသင့်ပါတယ်။ အိန္ဒိယသည် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်လိုတယ်လို့ ထုတ်ပြန်ချက်တိုင်းမှာ အခိုင်အမာဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် မြန်မာစစ်တပ်က တစ်ဆင့်မဟုတ်ဘဲ NUG၊ NUCC ၊အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ တော်လှန်ရေးအင်အားစုတွေကတစ်ဆင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ပေးဖို့  နယူးဒေလီမှာရှိတဲ့ အစိုးရကို စည်းရုံးဖို့ လိုအပ်တယ်။ မြန်မာစစ်တပ်နဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အိန္ဒိယရဲ့ ရည်မှန်းချက်တွေဟာ ရေတို၊ ရေလတ် ဒါမှမဟုတ်  ရေရှည်မှာ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း အလေးပေးဖော်ပြသင့်ပါတယ်။ 

မေး ။   ။ အိန္ဒိယနဲ့ ရုရှားနိုင်ငံက မြန်မာစစ်အုပ်စုကို နောက်မဆုတ်တမ်း အများဆုံး ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ပူတင်ရဲ့ ရုရှားက စစ်အုပ်စုကို ထောက်ခံနေတဲ့အကြောင်းရင်းကတော့ ရှင်းလင်းပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံက မြန်မာပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခနဲ့ သဘောဆန္ဒကို ဒီလို ဂရုမစိုက်တဲ့ အကြောင်းရင်းတွေကတော့ ရှုပ်ထွေးပါတယ်။  မြန်မာစစ်အာဏာရှင်အုပ်စုကို ထောက်ခံအားပေးတဲ့ အိန္ဒိယနိုင်ငံရဲ့ မူဝါဒကို တွန်းအားပေးနေတဲ့ အဓိကအကြောင်းရင်းတွေကို အကြမ်းဖျင်းအနေနဲ့ ကျနော်တို့ စပြောကြမလား။ အိန္ဒိယရဲ့ ရေရှည်အတွက် မဟာဗျူဟာကျတဲ့ အကျိုးစီးပွားမျှော်မှန်းချက်တွေနဲ့ လတ်တလော စိုးရိမ်ပူပန်နေတဲ့အကြောင်းအရာတွေက ဘာတွေဖြစ်ပါသလဲ ခင်ဗျာ။
 

 
ဖြေ။   ။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတောင် အိန္ဒိယဟာ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပြီး လုပ်ဆောင်နေတာတွေက ကျနော်အတွက် အထူးအဆန်းဖြစ်မနေပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကနေ ၂၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအပေါ်ထားတဲ့ အိန္ဒိယရဲ့ မူဝါဒကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေ ပြီးသွားပြီးကတည်းက အိန္ဒိယရဲ့ မူဝါဒဟာ နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရဖြစ်စေ အရပ်သားအစိုးရ ဖြစ်စေ ဘယ်သူနဲ့မဆို လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ အတွေးအခေါ်ကိုပဲ အမြဲလိုက်နာခဲ့တာပါ။ ထပ်လောင်းပြောရရင် အိန္ဒိယက မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းကလည်း ရှည်လျားပါတယ်။ မြန်မာစစ်တပ်နဲ့တွဲဖက်လုပ်ဆောင်နေတဲ့ လမ်းကြောင်းမှီခိုမှု (path dependency )လည်း ရှိပါတယ်။
 
 မြန်မာနိုင်ငံအတွက် အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒကို တွန်းအားပေးတဲ့ အကျိုးစီးပွားအမြင်၊ မျှော်မှန်းချက်တွေဖြစ်စေတဲ့ အချက်တွေအနေနဲ့ကတော့ နယ်စပ်လုံခြုံရေး၊ တရုတ်နှင့်ချိန်ခွင်ညီမျှရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားတွေ ဖြစ်တယ်လို့   ဒီအချက်သုံးချက်နဲ့ အကျဉ်းချုပ်ပြောလို့ရပါတယ်။ 
 
အဓိကတွန်းအားပေးနေတဲ့ အတွေးအခေါ်ကတော့ အိန္ဒိယအတွက် ဒီအချက်သုံးချက်စလုံးကို အာမခံပေးနိုင်တာဟာ မြန်မာစစ်တပ်ပဲ ဖြစ်ပါတယ်။ ကီလိုမီတာ ၁၆၀၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို မြန်မာစစ်တပ်က အာမခံပေးနိုင်တယ်။ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှု က အိန္ဒိယအတွက် တရုတ်နဲ့ ချိန်ခွင်မျှစေတယ်။  ပြီးတော့ အိန္ဒိယအတွက် မြန်မာနိုင်ငံကနေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားတွေတိုးတက်အောင်လည်း မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုက အထောက်အကူဖြစ်တယ်။ ပင်မအကျဆုံးတိုက်တွန်းအားကတော့ ဒေလီ (ဒေလီမြို့ရှိ အစိုးရအဖွဲ့) ကနေလာပြီး ဒီအချက်သုံးချက်စလုံးကို သေချာပေါက်ရစေဖို့ဆိုရင် မြန်မာစစ်တပ်နဲ့ လက်တွဲဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 
 

၁၉၈၈ ခုနှစ်အထိ အိန္ဒိယက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကို အလွန်ထောက်ခံခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်က ဒီမူဝါဒကို ပြောင်းပြန်လှန်စေဖို့အတွက် အိန္ဒိယကို ဖိအားပေးနိုင်ရန် နယ်စပ်ကိုစတင်အသုံးပြုခဲ့ပါတယ်။ မြန်မာစစ်တပ်က အိန္ဒိယသောင်းကျန်းသူတွေကို မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသတလျှောက် ခိုလှုံခွင့်ပေးခဲ့တယ်။ အိန္ဒိယအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ဆက်လက် ပံ့ပိုးနေမယ်ဆိုရင် မြန်မာစစ်တပ်က အိန္ဒိယသောင်းကျန်းသူတွေကိုအသုံးပြုပြီး ဆက်လက် နှောင့်ယှက်နေမယ်လို့ 
အိန္ဒိယဘက်က ယုံကြည်လာခဲ့ပါတယ်။ ဒါကြောင့် ဒေလီမှာ  မူဝါဒပြောင်းပြီး မြန်မာစစ်တပ်နဲ့ စတင်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံရဲ့ တိုးတက်လာမှုကြောင့်လည်း ပိုမိုအလေးထားလာစေပါတယ်။ အိန္ဒိယကသူရဲ့ ကိုယ်ပိုင်ပတ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးလာခြင်းက ခြိမ်းခြောက်မှုတစ်ခုလို့  ခံစားနေရတယ်။ မြန်မာနိုင်ငံရဲ့ မြောက်-တောင် အဓိက ဆက်သွယ်မှု တစ်စိတ်တစ်ပိုင်းပါ၀င်တဲ့ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative ) ကနေ တရုတ်သြဇာ ချဲ့ထွင်လာခြင်းအပေါ် အိန္ဒိယက အထူးစိုးရိမ်လျက်ရှိပါတယ်။ ဒါကြောင့်လည်း နေပြည်တော်မှာ လတ်တလောအာဏာရခဲ့တဲ့သူတိုင်းနဲ့ ဆက်ဆံရေး ရင်းရင်းနှီးနှီးတည်ဆောက်ဖို့က ပိုမိုခိုင်မာတဲ့ တွန်းအားဖြစ်ခဲ့ပါတယ်။ 

မေး ။   ။ ဒါပေမဲ့လည်း ခင်ဗျားဖော်ပြတဲ့ အိန္ဒိယရဲ့ ချဉ်းကပ်ပုံက စစ်တပ်ရဲ့ မအောင်မြင်တဲ့အာဏာသိမ်းချိန်မှာ   ပိုမို နားမလည်နိုင်ဘဲ ဝိရောဓိ ဖြစ်ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထိန်းချုပ်မှုက လျော့နည်းလာပြီး တိုင်းပြည်တစ်ခုလုံး ဖရိုဖရဲ ပြိုလဲသွားတာကို ကျနော်တို့ တွေ့နေရပါတယ်။တစ်ချိန်တည်းမှာပဲ အိန္ဒိယက စစ်အုပ်စုအပေါ် အိန္ဒိယနိုင်ငံရဲ့ အဓိကအကျိုးစီးပွားကို လုံခြုံစေမည့်သူအဖြစ် လောင်းကြေးထပ်နေပါတယ်။ မြန်မာပြည်ရဲ့ တကယ့်ဖြစ်ထွန်းတိုးတက်မှုကို နည်းနည်းပါးပါးနားလည်သဘောပေါက်စေဖို့အတွက်  ခင်ဗျားဘ ယ်လိုရှင်းပြပေးလို့ရမလဲခင်ဗျာ။ 
  
ဖြေ။   ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ဒီနေရာမှာ ဝိရောဓိ အမှန်တကယ်ဖြစ်ရပါတယ် ။ အိန္ဒိယရဲ့ ဗျူဟာရှုထောင့်ကကြည့်ရင်တောင် မြန်မာစစ်အုပ်စုနဲ့ တွဲလုပ်နေတာက အဓိပ္ပါယ်မရှိဘူးလို့ ဆောင်းပါးတွေမှာ ကျနော်အများကြီးထည့်သွင်းရေးထားပါတယ်။ နယူးဒေလီရဲ့ နိုင်ငံခြားရေးမူဝါဒက ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပိတ်မိနေလို့   အိန္ဒိယနိုင်ငံက ဒီလိုတွေ လုပ်နေတာပါ။ လက်ရှိမှာ မြန်မာစစ်တပ်က  နယ်မြေအများအပြားကို မထိန်းချုပ်နိုင်ပေမယ့်  နောက်ဆုံးမှာတော့ ပြန်လည်ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် ဒေလီမှာ မြန်မာစစ်တပ်ကို လောင်းကြေးထပ်ဖို့ လိုအပ်တယ်ဟု ယုံကြည်ကြပါတယ်။ တခြား ပိုမိုလွှမ်းမိုးနိုင်တဲ့ အင်အားစုလည်း မရှိဘူးဆိုတော့။ အတိတ်တုန်းကလည်း စစ်တပ်ကို ခုခံခဲ့ကြပေမယ့် နောက်ဆုံးမှာတော့စစ်တပ်က အမြဲတမ်း အောင်နိုင်ခဲ့တယ်။ဒါကြောင့် စစ်တပ်ကို နိုင်မြင်းအဖြစ် မြင်ကြတယ်။ နယူးဒေလီအစိုးရက အခု မြန်မာနိုင်ငံအခြေအနေက အရင်ကနဲ့ အလွန်တရာကွာခြားတယ်ဆိုတာကို နားမလည်ပါဘူး။ 
 
နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ  အိန္ဒိယရဲ့ အထူးသဖြင့် မိုဒီအစိုးရက မြန်မာစစ်တပ်နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပါတယ်။ မိုဒီက မင်းအောင်လှိုင်နဲ့ အနည်းဆုံး သုံးကြိမ် တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုတွေအားလုံးကလည်း မြန်မာနိုင်ငံရဲ့အရပ်သား အစိုးရလက်ထက်မှာဖြစ်ခဲ့တာပါ။ အိန္ဒိယစစ်တပ် အကြီးအကဲနဲ့အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ကလည်း မြန်မာနိုင်ငံကိုလာရောက်ခဲ့ပါသေးတယ်။ အိန္ဒိယရေတပ်နဲ့ မြန်မာရေတပ်တို့ကြား စစ်ရေးလေ့ကျင့်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့က နယ်စပ်တစ်လျှောက် ပူးတွဲစစ်ဆင်ရေးတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒါကို path dependency လမ်းကြောင်းမှီခိုခြင်းလို့ ကျနော်အနေနဲ့ ခေါ်ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ဒေလီမူဝါဒရဲ့ ကြီးမားတဲ့အပိုင်းကို ဖန်တီးတာကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနမဟုတ်ပါဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေး အခြေစိုက်ရာနေရာတွေက အမျိုးသား လုံခြုံရေးအကြံပေးတွေနဲ့ စစ်ဘက်အကြီးအကဲတွေက ဖန်တီးထားတာပါ။ ဒါကလည်း မြန်မာစစ်တပ်ဘက်ကို ယိမ်းစေတဲ့အကြောင်းရင်းဖြစ်ပါတယ်။

မေး ။   ။ လက်ရှိအခြေအနေမှာ ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းလိုမျိုး အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်ကြီးတွေ ဆက်လုပ်ဖို့ ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။ ဒါပေမဲ့  အိန္ဒိယဘက်က ဆက်လက်အကောင်အထည်ဖော်တာကို အားပေးထောက်ခံဖို့ အသင့်ဖြစ်နေပါတယ် ။သူတို့က ဘာလို့ ဒီလိုအမှန်တရားကို မျက်ကွယ်ပြုနေတာပါလဲ။ 

ဖြေ။   ။ ယုံချင်မှလည်းယုံပါ။ ဒေလီအခြေစိုက်ရာဆီမှာ လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်တွေ လုံလုံလောက်လောက် ရှိမနေပါဘူး။ နိုင်ငံခြားထောက်လှမ်းရေးနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေရှိပေမယ့် လုံလောက်တဲ့ သတင်းအချက်အလက်မရှိဘူး။ အကယ်၍ ရှိခဲ့ရင်တောင် သတင်းအချက်အလက်တွေကို သေချာမဖတ်ဘဲ တော်လှန်ရေးရဲ့အတိုင်းအတာကို လျော့တွက်လိမ့်မယ်။ ဒါကြောင့် ဒေလီအခြေစိုက် အစိုးရိအနေနဲ့ စစ်တပ်က အောင်နိုင်တယ်လို့ ယူဆပါတယ်။
 
ကုလားတန်မြစ်ကြောင်းနဲ့ပတ်သက်ပြီး ကုလားတန်စီမံကိန်းရဲ့နောက်ဆုံးလမ်းပိုင်းဖြစ်တဲ့ ပလက်ဝကနေ ကလေးဝအထိလမ်းပိုင်းဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိမနေတာကို  အိန္ဒိယက ကောင်းကောင်းသိပါတယ်။ ဒီနယ်မြေကိုထိန်းချုပ်ထားတာ ချင်းအမျိုးသားတပ်ဦး( CNF) နဲ့ ရခိုင့်တပ်တော်(AA) ဖြစ်ကြောင်း အိန္ဒိယက သိထားပြီး အဲဒီလမ်းကို မကြာခင်အချိန်အတွင်း ပြီးစီးဖို့အတွက်လည်း အိန္ဒိယက မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ စစ်တွေဆိပ်ကမ်း ဖွင့်ပွဲကျင်းပပြီး ဒီပရောဂျက်ကို ရှေ့ဆက်လုပ်ဆောင်နေရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ပြင်ပကမ္ဘာကို အထူးသဖြင့် တရုတ်နိုင်ငံကို  သိစေချင်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းထားသော်လည်း မြေပြင်တွင်ဆက်လက်လုပ်ဆောင်နိုင်တဲ့အကြောင်းနဲ့  အိန္ဒိယသည် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းကောင်းရှိနေတဲ့အကြောင်း သိစေချင်တာပါ။ စစ်တွေဆိပ်ကမ်း ဖွင့်ပွဲဓာတ်ပုံတွေရဲ့ ပစ်မှတ်က မြန်မာပြည်သူတွေ မဟုတ်ဘဲ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။
 

မေး  ။   ။ ဟိန္ဒူအမျိုးသားရေးဝါဒက အိန္ဒိယမူဝါဒကို လွှမ်းမိုးရာမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေပါသလဲ။ မိုဒီအစိုးရနဲ့ BJP ပါတီရဲ့ အဓိကဖြစ်တဲ့ အမျိုးသားရေးဝါဒ အမျိုးအစားနဲ့ ဗမာဗုဒ္ဓဘာသာ လူမျိုးကြီးဝါဒတို့အကြား ဆက်စပ်မှုရှိတာကို တွေးကြည့်လို့ရနိုင်ပါတယ်။ မိုဒီအစိုးရက  ဒီမိုကရေစီလှုပ်ရှားမှုကို ကျော်ပြီး   မြန်မာစစ်တပ်နဲ့ ပိုမိုနီးကပ်နေတဲ့အကြောင်းက အယူဝါဒဆိုင်ရာ နီးစပ်မှုများရှိနေလို့ပါလား။​
 
 
ဖြေ။   ။  နိုင်ငံခြား မူဝါဒကို လေ့လာနေတဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် တော်တော်များများနဲ့တော့ အယူအဆတူမှာ မဟုတ်ပါဘူး။  ကျနော်အနေနဲ့ ဒီအယူဝါဒဟာ နိုင်ငံခြားရေးမူဝါဒရဲ့  အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို နားလည်နေတဲ့အခါ နိုင်ငံရေးအယူဝါဒတွေကို လျှော့တွက်လို့ မရကြောင်း သိလာတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်။ ဒါပေမဲ့ ဒါဟာ အကျိုးစီးပွားကိုအခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အယူဝါဒနီးစပ်ပုံ နှစ်ခုစလုံးရဲ့ ရှုပ်ထွေးတဲ့ ရောထွေးမှုပါပဲ။ ဒီအယူဝါဒဆိုင်ရာ ဆက်စပ်မှုမှာ ဟိန္ဒူအမျိုးသားရေးဝါဒနဲ့ ဗမာအမျိုးသားရေးဝါဒတို့အကြား ယဉ်ကျေးမှုအရ နီးစပ်မှုဖြစ်နိုင်သလို အစွန်းရောက်အမျိုးသားရေးဝါဒ၊ စစ်ဝါဒီအမျိုးသားရေး အယူဝါဒ နီးစပ်မှုလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာအမျိုးသားရေးဝါဒ နှစ်မျိုးလုံးမှာ ကျွန်တော်တို့ မြင်နေရတာပါ။ ဥပမာ ကောင်းကောင်းပြရရင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာလုပ်တဲ့ အစွန်းရောက် ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာသာရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတစ်ခုမှာ  သူတို့ထဲက တစ်ဦးက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို အိန္ဒိယက မွတ်စ်လင်မ်များအပေါ်  ပြုလုပ်သင့်တဲ့ နမူနာဖြစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် မိုဒီအစိုးရရဲ့ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိတွေထဲမှာ သက်ဦးဆံပိုင် အုပ်ချုပ်မှုပုံစံဆီ တိမ်းစောင်းလွဲမှားနေတာတွေလည်း သိမ်မွေ့စွာရှိနေပါတယ်။ ဒါလည်း ငြင်းလို့မရတဲ့ အချက်ပါပဲ။
 

မေး။   ။ Akhand Bharat (အားကင်းဘာရက်အယူဝါဒ) ကမြန်မာနိုင်ငံကို  BJP ပါတီရဲ့ ချဉ်းကပ်မှုအတွက် သိသိသာသာလွှမ်းမိုးမှုရှိပါသလားခင်ဗျာ။
 
ဖြေ။   ။ မသိသေးသူတွေအတွက်ပြောရရင် အာကင်းဘာရက်ဆိုတာ "မခွဲစိတ်သောအိန္ဒိယ" ဒါမှမဟုတ် “ ပို၍ကြီးမားသောအိန္ဒိယ" လို့ စာပေအရ ဘာသာပြန်ဆိုပါတယ်။ ဗလာဒီမာပူတင်ရဲ့ ပိုကြီးသော ရုရှားအမိမြေနှင့်တူတဲ့ ပြန်လည်ရယူချင်တဲ့ စိတ်ကူးယဉ်မှုလိုပဲ  ဟိန္ဒူအမျိုးသားရေးလှုပ်ရှားမှုရဲ့ ရယ်စရာကောင်းတဲ့ စိတ်ကူးယဉ်မှုလည်းဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အပါအဝင် မြန်မာနိုင်ငံပါဝင်တာလည်း ဖြစ်နိုင်တယ်လို့ ယူဆတဲ့ ဟိန္ဒူပြည် ဆုံးရှုံးသွားတယ်လို့ ယုံကြည်ပြီး ဒါကို ပြန်လည်ရယူဖို့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောတရားက မြန်မာနိုင်ငံအပေါ် လက်ရှိအစိုးရရဲ့ မူဝါဒကို အစစ်အမှန်လွှမ်းမိုးနေတယ်လို့ ကျနော် မထင်ပါဘူး။
 

မေး ။   ။ စစ်အုပ်စုအပေါ် အိန္ဒိယ ရဲ့ ထောက်ခံမှုက  ပြီးခဲ့တဲ့နှစ်မှာ ပိုမိုရှင်းလင်းလာပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အသစ် H.E. Vinay Kumar ဗီနေးကူးမား ရောက်လာခြင်းက ပိုပေါ်လွှင်နေပါတယ်။ စစ်အစိုးရနဲ့ ဆက်ဆံရေးပိုမိုတက်ကြွစေရန် ညွှန်ကြားချက်တွေနဲ့အတူ သံအမတ်ကြီး ရောက်ရှိလာတာလား။ ဒါမှမဟုတ် အိန္ဒိယရဲ့ ပိုမိုတက်ကြွတဲ့ဆက်ဆံမှုကို ဖြစ်စေတဲ့ တခြားအချက်တွေရှိပါသလား။ ဒါမှမဟုတ် သံအမတ်ကြီး ကူးမားရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တချို့ကြောင့်ပဲလား။
 

ဖြေ။   ။ သံအမတ်ကြီး ဗီနေးကူးမား (Vinay Kumar )မှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ဒါမှမဟုတ် အကျိုးစီးပွားတွေ ရှိ၊ မရှိ အတည်ပြုဖို့ဆိုတာ ကျွန်တော့်အနေနဲ့ မဖြစ်နိုင်ပါဘူး။ ယေဘုယျအားဖြင့်ပြောရရင် အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဘယ်မူဝါဒချမှတ်မှုမျိုးမဆို ဗဟိုချုပ်ကိုင်မှု စစ်စစ်ကပဲလာပါတယ်။ ဒေလီရဲ့ ညွှန်ကြားချက်မပါဘဲ သံအမတ်ကြီးအနေနဲ့ လာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အခု မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ဒေလီမှာယုံကြည်ချက်ရှိပါတယ်။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း သံအမတ်ကြီး ဗီနေးကူးမား (Vinay Kumar) တာဝန်ယူပြီးနောက် သတိကြီးစွာထားတဲ့ ဆက်ဆံရေးမှသည် သံတမန်ရေးရာ ပုံမှန်ဆက်ဆံရေးဆီသို့ ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျနော်နားလည်ထားသလောက်ကတော့ ဒီညွှန်ကြားချက်သည် နယူးဒေလီအခြေစိုက် အစိုးရအဖွဲ့ ကနေဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ 
 
 
ယခင်နိုင်ငံခြားရေးဝန်ကြီး Harsh Vardhan Shringla ရဲ့  ၂၀၂၁မြန်မာနိုင်ငံခရီးစဉ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း လက်ရှိ နိုင်ငံခြားရေး အတွင်းဝန် Vinay Mohan Kwatra ရဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလတုန်းက ခရီးစဉ်နဲ့ အတော်လေးကွာခြားတာကို တွေ့နိုင်ပါတယ်။၂၀၂၁ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံခဲ့ပြီး အများစုက ဒီမိုကရေစီလိုလားသူတွေ ဖြစ်ပါတယ်။ အလည်အပတ်ခရီးစဉ်အပြီး အိန္ဒိယက ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီအရေးနဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးအကြောင်း ပြောဆိုခဲ့ပြီး သတင်းထုတ်ပြန်ချက်ကလည်း ရှည်လျားပါတယ်။ ၂၀၂၂အတွင်း ထုတ်ပြန်ချက်ကတော့ အလွန်တိုတောင်းလှပြီးတော့ ဒီမိုကရေစီပြန်လည်ရရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုမှု နဲ့ အကြမ်းဖက်မှုများရပ်စဲရေး တောင်းဆိုမှုတွေကိုဖော်ပြထားခြင်းမရှိပါဘူး။ စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများကိုသာ အလေးအနက်ထား ထားပါတယ်။ နိုင်ငံခြားရေး၀န်ကြီးကလည်း  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထဲက ဘယ်သူ့ကိုမှ မတွေ့ဆုံခဲ့ပါဘူး။ မင်းအောင်လှိုင်၊ ဝဏ္ဏမောင်လွင်နဲ့ တခြားသော စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့သာ တွေ့ဆုံခဲ့ပါတယ်။
 

မေး ။   ။ အိန္ဒိယရဲ့ ပေါ်လစီချမှတ်သူတွေနားထဲရောက်ဖို့မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူတွေက ဘာတွေလုပ်ဆောင်နိုင်ပါသလဲခင်ဗျာ။မိုဒီအစိုးရကို NUG နဲ့ ထောက်ခံအားပေးတဲ့အုပ်စုတွေ ဒါမှမဟုတ် မြန်မာပြည်သူလူထုရဲ့ရင်တွင်းစကားသံတွေက လွှမ်းမိုးနိုင်ပါသလား။
 

ဖြေ။   ။  စစ်ကောင်စီနဲ့ ဆက်ဆံမှုနဲ့ ပတ်သက်ပြီးအိန္ဒိယမှာ ခိုင်မာတဲ့ အတွေး ရှိနေတာကြောင့် ကျနော်ကတော့ သိပ်ပြီး မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ထိုင်ပဲထိုင်နေ ဘာမှမလုပ်နဲ့လို့တော့ မဆိုလိုပါဘူး။ မြန်မာအရပ်ဘက်အဖွဲ့အစည်းများဆီမှာ အဓိက စည်းရုံးလှုံ့ဆော်နိုင်တဲ့ သတင်းစကားရှိသင့်တယ်။ ဒါကတော့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဗျူဟာနဲ့ စီးပွားရေးအကျိုးစီးပွားကိုအာမခံချက်ရှိလိုရင် မြန်မာစစ်တပ်အပေါ် မဟုတ်ဘဲ တော်လှန်ရေးအပေါ် လောင်းကြေးထပ်ရန် လိုအပ်ကြောင်းပဲဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ တရားဝင်မှုကို သိသိသာသာချုပ်ကိုင်နေတာ တော်လှန်ရေးအင်အားစုတွေဖြစ်ကြောင်း မီးမောင်းထိုးပြပြီး စောဒကတက်သင့်ပါတယ်။ အိန္ဒိယသည် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်လိုတယ်လို့ ထုတ်ပြန်ချက်တိုင်းမှာ အခိုင်အမာဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် မြန်မာစစ်တပ်ကတစ်ဆင့်မဟုတ်ဘဲ NUG၊ NUCC၊ အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ တော်လှန်ရေးအင်အားစုတွေကတစ်ဆင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ပေးဖို့  နယူးဒေလီမှာရှိတဲ့ အစိုးရကို စည်းရုံးဖို့ လိုအပ်တယ်။ မြန်မာစစ်တပ်နဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ၎င်းတို့၏ ရည်မှန်းချက်တွေကို ရေတို၊ ရေလတ် ဒါမှမဟုတ်  ရေရှည်မှာ အောင်မြင်နိုင်မှာမဟုတ်ကြောင်း အလေးပေးဖော်ပြသင့်ပါတယ်။ 
 
တခြားအရေးကြီးတဲ့ အချက်ကတော့ အိန္ဒိယအစိုးရနဲ့ အစိုးရမဟုတ်တဲ့  အသိုင်းအဝိုင်းတွေထဲကို သတင်းအချက်အလက်  ပုံမှန်စီးဆင်းမှုရှိအောင် သေသေချာချာလုပ်ဖို့ ဖြစ်ပါတယ် ။ ဒီထဲမှာ ဒေလီမှာရှိတဲ့ တွေးခေါ်ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရေးနဲ့ မီဒီယာအသိုက်အဝန်းပါဝင်ဖို့ လိုပါတယ်။ ဆိုလိုတာ တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွေ သာမက အများသူငှာကို ရှင်းလင်းတင်ပြမှုတွေမှာလည်း ပါဝင်အောင် စည်းရုံးခြင်းပဲ ဖြစ်ပါတယ်။  မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အိန္ဒိယအရပ်ဘက် အဖွဲ့အစည်းတွေနဲ့  ချိတ်ဆက်ဖို့ လိုအပ်ပြီး သူတို့ရဲ့အကြောင်းရင်းတွေနဲ့ ထောက်ခံအားပေးမှုတွေကို ရယူဖို့ လိုပါတယ်။  ဒေလီက တွေးခေါ်ပညာရှင်အသိုင်းအဝိုင်းကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတွေးခေါ်ပညာရှင်အသိုင်းအဝိုင်းရဲ့ အတွေးအခေါ် အများစုကို အစိုးရက လိုလားကြတယ်။ ဒါကြောင့် ဒီအသိုင်းအဝိုင်းထဲကို ရောက်သွားရင်အစိုးရဆီကို တစ်နည်းနည်းနဲ့ရောက်သွားလိမ့်မယ်။ဒီအတွက် အလေးပေးဖို့လိုပါတယ်။ 

မေး ။   ။ မီဒီယာကရော။ မီဒီယာတွေနဲ့ ဘယ်လိုအလုပ်သင့်တယ် ဆိုတဲ့ အကြံပေးပါဦး။ 
 
ဖြေ။   ။ အိန္ဒိယမီဒီယာတွေက မြန်မာနိုင်ငံကိုသိပ်စိတ်မဝင်စားဘူးဆိုတာက သိပြီးသားလည်းဖြစ်မှာပါ။ ဘေးအိမ်မှာ ကြီးမားတဲ့အာဏာသိမ်းမှုနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်နေပါဦးတော့။  ပွဲကြီးပွဲကောင်းတွေ ဒါမှမဟုတ် တရုတ်ပါဝင်လာသောအခါမှာသာ မြန်မာနိုင်ငံကို စိတ်ဝင်စားကြပါတယ်။ ဥပမာ ၊ မကြာသေးမီက Great Coco ကျွန်းအပေါ်  Chatham House အစီရင်ခံစာအပြီးမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ အများအပြား အိန္ဒိယမီဒီယာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။
 

မေး ။   ။ မြန်မာနိုင်ငံရဲ့ ဉာဏနိုင်ငံရေးအသိုင်းအဝန်းမှာ အများစုက အိန္ဒိယဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာဖက်ဒရယ်စနစ်အတွက် အသုံးဝင်တဲ့လှုံဆော်မှုတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။ အိန္ဒိယပညာရှင်များနဲ့ ဖလှယ်ခြင်း၊ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်ပုံစံအကြောင်းလေ့လာခြင်းတို့ကနေ မြန်မာ့နိုင်ငံရေးကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အိန္ဒိယဘက်ကမိတ်ဖက်တွေကြား ချိတ်ဆက်မှုတွေ ဖန်တီးလို့ရနိုင်မလားခင်ဗျား။ 
 

 ဖြေ။   ။ ဒါက အိန္ဒိယအစိုးရကို တစ်ဖက်မှာလည်း လောင်းကြေးထပ်ဖို့လိုအပ်ကြောင်း စည်းရုံးသိမ်းသွင်းနိုင်တဲ့ အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။ အိန္ဒိယမှာ ဆိုးရွားတဲ့ ဒီမိုကရေစီ ဆုတ်ယုတ်မှုတွေ ရှိနေခဲ့တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အိန္ဒိယမူကွဲကို ပြင်ပကမ္ဘာဆီ“ရောင်း” ချဖို့ ယုံကြည်ဆဲပါ။ အိန္ဒိယမှာ ဖက်ဒရယ်ဒီမိုကရေစီအစဉ်အလာရှိတယ်ဆိုတဲ့အချက်ကို  အိန္ဒိယနိုင်ငံရေးအခြေစိုက်ရာနေရာက အလွန်ဂုဏ်ယူပါတယ်။ အိမ်တွင်းမှာ ပြုလုပ်နေတာတွေနဲ့ လုံးဝကွဲပြားနိုင်ပေမယ့်လည်း အပြင်ပန်းပုံရိပ်မှာတော့ အိန္ဒိယသည် အလွန်ဂုဏ်ယူစရာကောင်းသော ဒီမိုကရေစီနိုင်ငံအဖြစ် ပုံဖော်လိုပါတယ်။ ဟုတ်ပါတယ်။ အဲဒါကသေချာပေါက် ကောင်းမွန်တဲ့အရာတစ်ခုပါ။
 

မေး ။   ။ မီဇိုရမ်ပြည်နယ်အစိုးရကကော ဘယ်လိုလဲခင်ဗျာ။

အန်ရူမင်း ရှောင်ဒရီ။   ။ မီဇိုရမ်ပြည်နယ်နဲ့ ပတ်သက်ပြီး ဒီမေးခွန်းကို မေးလို့ ဝမ်းသာပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာ့တော်လှန်ရေးကို အလွန်ထောက်ခံအားပေးခဲ့ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်မှာပါ။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် ချင်းပြည်နယ်ကဒုက္ခသည်တွေကို ထောက်ပံ့ရာမှာလည်း အမှန်တကယ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ပါတယ်။မီဇိုရမ်အစိုးရနှင့် လက်တွဲလုပ်ဆောင်ခြင်းက နယူးဒေလီရဲ့ သဘောထားတွေကို ပြောင်းလဲစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သတိပေးချင်တာကတော့ မီဇိုရမ်အစိုးရက ပိုမိုကျယ်ပြန့်တဲ့ဖက်ဒရယ်ဖွဲ့စည်းပုံမှာနိုင်ငံရေးသြဇာလွှမ်းမိုးမှု များများစားစားမရှိပါဘူး။ ဒါကိုလည်း သတိထားဖို့ လိုပါတယ်။ 
 
မေး။   ။ လွှတ်တော်အမတ်တွေကရော။ BJP ဘက်မှဖြစ်စေ၊ အတိုက်အခံဘက်မှဖြစ်စေ ထောက်ခံအားပေးလာဖို့အတွက် လွှတ်တော်အမတ်တွေကတစ်ဆင့် အသိပညာပေး လုပ်လို့ရနိုင်မလား။
 
ဖြေ။   ။ BJP ပါလီမန်အမတ်တွေနဲ့ စတင်တာက ပိုကောင်းပါတယ်။ BJP ပါတီက အာဏာရပါတီပါ။ BJP ပါလီမန်အမတ်တွေကို သိမ်းသွင်းနိုင်မယ်ဆိုရင်တော့နိုင်ငံခြားရေးမူဝါဒကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲဖို့ လုပ်နိုင်ပါလိမ့်မယ်။
 
မေး ။   ။ အိန္ဒိယပြည်သူတွေက မြန်မာပြည်သူတွေကိုထောက်ခံအားပေးလာဖို့ အတွက် လမ်းစတွေက ဘာတွေဖြစ်မလဲ။ မြန်မာနိုင်ငံအပေါ် သာမာန်ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို နိုးကြားစေနိုင်တဲ့ အလားအလာရှိပါသလား။ အဲဒါကိုဘယ်လို လုပ်ရမလဲခင်ဗျာ။ 
 
ဖြေ။   ။ ဒါကတော့ အရမ်းခက်လိမ့်မယ်။မြန်မာနိုင်ငံအပေါ် အိန္ဒိယပြည်သူတွေရဲ့ စိတ်ဝင်စားမှုက ကံမကောင်းစွာနဲ့ပဲ အလွန်နည်းပါတယ်။ ရှေ့မှာပြောခဲ့တဲ့ မဏ္ဍိုင်သုံးရပ်ကို အာရုံစိုက်ဖို့ပဲ ကျနော် အကြံပြုချင်ပါတယ်။ နံပါတ်တစ်ဖြစ်တဲ့ မီဒီယာက အရမ်းအရေးကြီးတယ်။ နံပါတ်နှစ်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေပါ။ နံပါတ်သုံးအချက်ကတော့ တွေးခေါ်ပညာရှင်အသိုင်းအဝိုင်းဖြစ်ပါတယ်။ဒီမဏ္ဍိုင်သုံးခု ဒါမှမဟုတ် ဒီ ကျောက်ဆူးသုံးခု ကို ခြေကုပ်ယူပြီးတော့ ပြည်သူ့သံတမန်ရေးရာနှင့် သတင်းအချက်အလက်လှုပ်ရှားမှုကမ်ပိန်းတွေအတွက် မဟာဗျူဟာသုံးရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။
 
 
မေး ။   ။ မြန်မာစစ်တပ်က ချင်းတပ်စခန်းကို ဗုံးကြဲတဲ့အခါအိန္ဒိယနယ်မြေဘက်ခြမ်းကိုလည်း ဗုံးတချို့ လာထိတယ်။ အိန္ဒိယရဲ့ တုံ့ပြန်မှုက တော်တော်လေး အသံတိတ်ပါတယ်။အိန္ဒိယအစိုးရက ဘာကြောင့် ဒီအဖြစ်အပျက်ကို အလေးအနက်မထားတာလဲခင်ဗျာ။

 ဖြေ။   ။ အဲ့ဒီလို ထူးခြားဖြစ်စဥ်တွေကို  ထုတ်ဖော်ကန့်ကွက်တာက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပျက်ဆီးတာထက် ပိုပြီးအရေးကြီးတယ်လို့ ဒေလီဘက်က မယုံကြည်လို့ပါ။ ဒေလီရဲ့ စိတ်ထဲက ကုန်ကျစရိတ်နဲ့အကျိုးအမြတ်တွက်ချက်မှုမှာ မြန်မာစစ်တပ်နဲ့နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားဖို့က ပိုအရေးကြီးတယ်။ သူတို့က ဒီကိစ္စကို လွယ်လွယ်ကူကူ စီမံခန့်ခွဲလို့ရတဲ့ဖြစ်ရပ်သေးသေးလေးတစ်ခုလို့ မြင်ပြီး အသံမထွက်ဘူး။ အိန္ဒိယရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို ဆိုးဆိုးရွားရွားချိုးဖောက်မှုဖြစ်ခဲ့ပေမယ့်လည်း ဒေလီသည်  နည်းပညာစကားအရပြောရရင် ဗုံးက လူနေထိုင်ရာမြေမဟုတ်တဲ့ မြစ်ကြမ်းပြင်ပေါ်သို့ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က ဒီအဖြစ်အပျက်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
 
မေး ။   ။ NUG ရဲ့ ကိုယ်စားလှယ်တွေ အိန္ဒိယမှာ ရှိပါတယ်။ အိန္ဒိယအစိုးရနှင့် အိန္ဒိယလူထုထံ NUGရဲ့ ချဉ်းကပ်မှုအပေါ် ခင်ဗျား ဘယ်လို အကဲဖြတ်ပါသလဲခင်ဗျာ။
 
ဖြေ။   ။ NUG အနေနဲ့ ပိုမိုတက်ကြွဖို့ လိုအပ်ပြီး ခင်မင်မှုအရအကြံဉာဏ်တစ်ခုကို ကျနော်ပေးချင်ပါတယ်။ အိန္ဒိယမှာ အလွန်အားကောင်းတဲ့ ပြည်သူ့သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခုရှိဖို့ ပိုပြီး လိုအပ်ပါတယ်။ ပိုပြီးမြင်သာဖို့လည်း လိုပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ အိန္ဒိယမူဝါဒချမှတ်သူတွေနဲ့ အစိုးရလိုလားသူတွေ ပြောနေကျစကားရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှိခဲ့တဲ့ အရင်အချိန်တွေလိုမဟုတ်ဘဲ တော်လှန်ရေးခေါင်းဆောင်မရှိဘူးလို့  စိုးရိမ်စရာ ပြောဆိုနေကြတယ်။ ဒီတော်လှန်ရေးဟာ ယုံကြည်စိတ်ချရသော၊ ခေတ်မီဆန်းပြားသော၊ဦးဆောင်မှုခိုင်မာသောတော်လှန်ရေးဖြစ်ကြောင်း အိန္ဒိယပေါ်လစီရေးဆွဲသူတွေကိုစည်းရုံးနိုင်ဖို့လိုပါတယ်။ တော်လှန်ရေးနဲ့ NUG တို့ နောက်မှာ အားကောင်းတဲ့ဆွေးနွေးမှုတွေ၊  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်တွေ ရှိနေကြောင်း ရှင်းပြဖို့ လိုအပ်ပါတယ်။ 
 
မေး ။  ။ မြန်မာစစ်အစိုးရထံ အိန္ဒိယအစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရပိုင်ကုမ္ပဏီတွေက ပေးအပ်နေတဲ့လက်နက်တွေနဲ့ ပတ်သက်ပြီး သေချာသိရှိထားတာများ ရှိပါသလား။လက်နက်အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတာတွေအများကြီးပဲ။ အိန္ဒိယဘက်ကတော့ အဲဒီ ပို့ဆောင်မှုအားလုံးကိုအာဏာမသိမ်းခင်ကတည်းက ရောင်းချထားတာတွေလို့ အမြဲအချေအတင် ပြောလေ့ရှိပါတယ်။
 
ဖြေ။   ။ ဟုတ်ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်မှာ လွှဲပြောင်းခဲ့တဲ့ ဘယ်လက်နက်တွေမဆို အာဏာမသိမ်းခင်ကတည်းလက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေကြောင့်လို့ အိန္ဒိယအစိုးရက တရားဝင်ပြောခဲ့ပါတယ်။ကျနော် မယုံပါဘူး။ အိန္ဒိယအစိုးရဟာ အရာအားလုံးကို အမှန်အတိုင်းပြောနေတာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတဲ့အချိန်နဲ့ အသေးစိတ်အချက်တွေကို ထုတ်ပြန်ပြောဖို့ အများသူငှာသတင်းအချက်အလက် တောင်းဆိုမှု (RTI) ကို အိန္ဒိယအစိုးရထံ ကျနော်စာတင်ခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာပုဒ်မအရ အဆိုပါအချက်အလက်များကို ထုတ်ဖော်ပြောဆိုဖို့ သူတို့ဘက်ကငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရက ရိုးသားပွင့်လင်းလာမယ်လို့ မထင်ဘူး။ အထူးသဖြင့် မကြာခင်က လွှဲပြောင်းပေးခဲ့တဲ့ ၁၂၂ မီလီမီတာ ဟော့ဝစ်ဇာအမြောက်တွေပို့ဆောင်တဲ့ကိစ္စဆို လတ်တလောသဘောတူညီချက်တွေအပေါ်အခြေခံပြီး ပြုလုပ်ထားတယ်လို့ ကျနော် ယူဆပါတယ်။
 
မေး ။  ။ ကမ္ဘာအဆင့်ပြိုင်ဆိုင်မှုတွေမှာ အိန္ဒိယက သူ့ကိုယ်သူ ဘယ်လိုမြင်ထားလဲဆိုတာကို နည်းနည်းလောက် ကျယ်ကျယ်ပြန့်ပြန့် ပြောပေးနိုင်မလား။သူရဲ့အစဉ်အလာမပြတ်မဟာမိတ်ဖြစ်တဲ့ ရုရှား နဲ့ ၊ အနောက်အုပ်စုနဲ့ QUAD တို့ကြားတွင် အိန္ဒိယအနေနဲ့ ဘယ်လိုရပ်တည်နေပါသလဲခင်ဗျာ။
 
ဖြေ။   ။ အိန္ဒိယနိုင်ငံအနေနဲ့  တတိယအင်အားစုအဖြစ်ကြိုးပမ်းနေတယ်။ ရုရှား သို့မဟုတ် အမေရိကန် အုပ်စုတွေနဲ့ ဘယ်ဘက်ကိုမှ မယိမ်းလိုတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟောင်း Jawaharlal Nehru ရဲ့ ဘက်မလိုက်တဲ့ အစဉ်အလာဘက်ကို “ဘက်စုံညီညွတ်ခြင်း” နှင့် “မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်” စတဲ့ ဝေါဟာရအသစ်တွေနဲ့ ပြန်သွားနေပါတယ်။ အိန္ဒိယရဲ့  အလယ်အလတ်ပါဝါကို ဦးဆောင်နိုင်သော သို့မဟုတ် လမ်းပြပေးနိုင်သော ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ရန်ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေ အားပြိုင်တဲ့ဒီပဋိပက္ခကြီးမှာ မပိတ်မိချင်တဲ့ အခြားအလယ်အလတ် သို့မဟုတ် အင်အားငယ်များအတွက်လမ်းပြရန်ဖြစ်တယ်။ အိန္ဒိယသည် အာဆီယံ၊ လက်တင်အမေရိက၊ အာဖရိကနိုင်ငံများနဲ့အတူ အနောက်အာရှနဲ့ ပစိဖိတ်ကျွန်းနိုင်ငံများနဲ့ပေါင်းစပ်ညှိနှိုင်းခြင်းအားဖြင့် ဒီအကြံအစည်အောင်မြင်ဖို့ ကြိုးပမ်းနေပါတယ်။
 
ဟုတ်ပါတယ်။ အိန္ဒိယသည် QUAD အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့  အိန္ဒိယက QUAD အား လုံခြုံရေးမဟာမိတ်အဖြစ် မလိုလားပါဘူး။ တရုတ်ကို ဒီအခြေအနေရောက်အောင်လည်း မနှိုးဆွချင်ပါဘူး။ အိန္ဒိယသည် လုံခြုံရေးမဟုတ်တဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ QUAD အနေဖြင့် သဘောကျနှစ်သက်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းအိန္ဒိယရဲ့ လွှမ်းမိုးမှုကို မြှင့်တင်ရန် အထောက်အကူဖြစ်တာကြောင့် အိန္ဒိယသည် QUADရဲ့ အစိတ်အပိုင်းဖြစ်လာတယ်။ အိန္ဒိယရဲ့ မူဝါဒချမှတ်သူများက တရုတ်ရဲ့ လွှမ်းမိုးမှုကိုဟန်ချက်ညီစေရန်အတွက် အင်ဒို-ပစိဖိတ်ဒေသအတွင်းမဟာမိတ်တည်ဆောက်ရေးကို လက်ခံယုံကြည်ကြတယ်။ ဒါပေမဲ့ QUAD ကို လုံခြုံရေးမဟာမိတ်အဖြစ်တော့ မလိုလားကြပါဘူး။
 
မေး ။   ။ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့Burma Act ကို တရုတ်နိုင်ငံက သတိကြီးကြီးထားပါတယ်။  ဒီနှစ်အစပိုင်းကစပြီး ပိုပြီးတော့လှုပ်ရှားလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့အခြေအနေအရ Zero-Covid ဇီးရိုကိုးဗစ်မူဝါဒအဆုံးသတ်ပြီးနောက် ပြည်တွင်းပြည်ပမှာ စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖို့  တွန်းအားပေးလုပ်ဆောင်ခြင်းဖြင့် ဒါကိုပိုလုပ်ကောင်းလုပ်နေတယ်။ နယူးဒေလီမှာ Burma Act နဲ့ပတ်သက်ပြီး အချက်ပေးမှုတွေများ ရှိနေပါသလား။

မေး ။   ။ ဒေလီမှာ Burma Act ကို အလေးအနက်မထားဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဟာ US ပေါ်လစီချမှတ်သူတွေရဲ့ ခြေလှမ်းပုံစံတစ်ခုပဲ ဖြစ်ပြီး တကယ့်ခက်ခက်ခဲခဲ လုပ်ဆောင်မယ်မထင်ဘူးလို့လည်း ခံယူထားကြတယ်။ ကံမကောင်းစွာပဲ အဲဒီထဲမှာ အမှန်တရားနည်းနည်းရှိပါတယ်။
မိုဒီအစိုးရက သူ့ပတ်ဝန်းကျင်မှာ အမေရိကန်လုပ်မည့်အရာတွေကို သတိထားပါတယ်။ စစ်အာဏာရှင်နဲ့ အိန္ဒိယရဲ့ ကိုယ်ပိုင်ဆက်ဆံရေးကို ဖြတ်တောက်ဖို့ အမေရိကန်ဘက်မှ ကြိုးပမ်းနိုင်တာကိုလည်း စိုးရိမ်ပူပန်ပါတယ်။ ဒါကြောင့် no-fly zone မပျံသန်းရဇုန်သတ်မှတ်ခြင်းနဲ့ အိန္ဒိယ-မြန်မာကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းဖွင့်လှစ်ခြင်းစတဲ့ ကိစ္စတချို့မှာ ဝင်ရောက်ပါဝင်ခြင်းမရှိဘဲ လက်ရှောင်ပါတယ်။ 

မေးမြန်းသူ အီဂေါ ဘလေဇာဗစ် Igor Blazevic သည် Educational Initiatives Myanmar တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းကထိက ဖြစ်ခဲ့ပြီး Prague Civil Society Center ၏ အကြီးတန်းအကြံပေးလည်းဖြစ်ပါသည်။ 
 
 ဖြေကြားသူ အန်ရူမင်း ရှောင်ဒရီ သည် နယူးဒေလီရှိ မူဝါဒသုတေသနစင်တာမှ တွဲဖက်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် Indo-Pacific Circle ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ယခင်က နယူးဒေလီရှိငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျုမှ အကြီးတန်း သုတေသီတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ သုတေသနအစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ အန်ရူမင်း သည်မြန်မာနိုင်ငံ၊ အရှေ့မြောက်အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အိန္ဒိယနိုင်ငံခြားရေးမူဝါဒနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်ပုံစံများအပေါ် အဓိကထား လေ့လာခဲ့သည်။ အာသံနှင့်ရခိုင်ပြည်နယ်တို့ကို အလေးထားကာ အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ နိုင်ငံသားအထောက်အထားနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာများကိုလည်း အထူးစိတ်ဝင်စားလျက်ရှိသည်။ အန်ရူမင်း ကိုယ်တိုင် အာသံသားဖြစ်ပြီး ယခုအခါ နယူးဒေလီတွင်အခြေချနေထိုင်သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly