လီဂူး-၁ ပွဲစဉ်မှာ ကလေးငယ်တစ်ဦး တိုက်ခိုက်ခံရပြီးနောက် 'ပြတ်သား ပြင်းထန်တဲ့' ပိတ်ဆို့အရေးယူမှုတွေကို မက်ခရွန် လိုလား

လီဂူး-၁ ပွဲစဉ်မှာ ကလေးငယ်တစ်ဦး တိုက်ခိုက်ခံရပြီးနောက် 'ပြတ်သား ပြင်းထန်တဲ့' ပိတ်ဆို့အရေးယူမှုတွေကို မက်ခရွန် လိုလား

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က လီဂူး-၁ ဘောလုံးပွဲစဉ်တစ်ပွဲမှာ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်ကို တိုက်ခိုက်ခဲ့သူ တစ်ဦးချင်းစီတိုင်းကို ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သူ မျှော်လင့်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

အသက် ၈ နှစ်အရွယ် ကန်ဇိုနဲ့ သူ့မိဘတွေဟာ စနေနေ့က မာဆေးလ်နဲ့ ကော်စီကန်ကလပ်ရဲ့ အိမ်ကွင်းပွဲစဉ်မှာ အာဂျက်စီယို ပရိသတ်တွေရဲ့ လူအုပ်ထဲ ကြမ်းကြမ်းတမ်းတမ်း တွန်းထိုးတာကို ခံခဲ့ရတာပါ။

ဖခင်ဖြစ်သူ တိုက်ခိုက်ခံရပြီး ကန်ဇိုရဲ့ ဦးခေါင်းဟာ လက်ရန်းနဲ့ ထိခိုက်ခဲ့မိကြောင်း ကန်ဇိုရဲ့ မိခင်က ဒေသခံသတင်းစာ Corse Matin ကို ပြောပါတယ်။

ပရိတ်သတ်များအဖွဲ့ Orsi Ribelli ရဲ့ အဖွဲ့ဝင်တစ်ဦးက ဖခင်တစ်ဦးတည်းသာ အရိုက်ခံရတယ်လို့  နောက်ပိုင်းမှာ ပြောပါတယ်။

ကောင်လေးကို မာဆေးလ်ကစားသမားတွေနဲ့ တွေ့ဆုံဖု့ိနဲ့ ဧည့်ကြည့်စင်မှန်ခန်းထဲမှာ ပွဲကို ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

"အကြမ်းဖက်မှုအားလုံးလိုပဲ၊ ဒါဟာ လက်မခံနိုင်စရာပါပဲ။ ကျနော့်ရဲ့ စိတ်ခံစားမှုဆိုင်ရာ အတွေးအမြင်တွေက ကန်ဇိုနဲ့ သူ့မိဘတွေနဲ့အတူ ရှိနေပါတယ်"လို့ မက်ခရွန်က ပြင်သစ်မြောက်ပိုင်းရှိ မွန့် စိန့်မီရှဲကို အလည်အပတ်ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“အပြတ်သားဆုံးနဲ့ ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ဖို့ ကျနော် မျှော်လင့်ပါတယ်”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပြင်သစ်တောင်ပိုင်းရှိ အစိုးရရှေ့နေတွေဟာ ကလေးငယ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်အပြီးမှာ စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်ခဲ့ပါတယ်။

မာဆေးလ် ပရိသတ်တွေမှ အားကစားကွင်းအနီးရှိ စက်သုံးဆီတစ်ဆိုင်မှာ ပြင်သစ် 3 TV သတင်းထောက်တစ်ဦး တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကိုလည်း အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

"သူ့မျက်နှာမှာ ဒဏ်ရာတွေရ"လို့ သူ့ကို ဆေးကုသမှုခံယူဖို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ အခင်းဖြစ်ရာက AFP သတင်းထောက်က ပြောပါတယ်။

ဒါဟာ ပြင်သစ်ဘောလုံးပရိသတ်တွေပါဝင်တဲ့ နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် အကြမ်းဖက်မှုဖြစ်ပါတယ်။

ပြင်သစ်ဒုတိယတန်း တန်းတက်ရေးမှာ အရေးကြီးတဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ရိုဒက်ဇ်အသင်းမှ ကစားသမားတစ်ဦး တိုက်ခိုက်ခံရအပြီး ပွဲကိုလည်း ဖျက်သိမ်းခဲ့ပြီးနောက် စနေနေ့က ဘော်ဒိုးမြို့မှာ လူလေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly