ဘိန်းတိုက်ဖျက်သူများကိုယ်တိုင် ဘိန်းစွဲနေ၊ အကြောထဲထိုးသွင်းသူ အများစု HIV နွံမှလည်း ရုန်းမထွက်နိုင်သေး

ဘိန်းတိုက်ဖျက်သူများကိုယ်တိုင် ဘိန်းစွဲနေ၊ အကြောထဲထိုးသွင်းသူ အများစု HIV နွံမှလည်း ရုန်းမထွက်နိုင်သေး

ပက်ဂျေဆန်အဖွဲ့ (ဝိုင်းမော်ဒေသ) အတွင်းရေးမှူး ဦးဒေါင်ခေါင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်စထက်တစ်စ ပိုမိုဆိုးရွားလာကာ လူငယ် အများစုသည် မူးယစ်ဆေး၏ ဝါးမြိုခြင်းဒဏ်ကိုခံနေကြရပြီး ကချင်ပြည်နယ်ရှိ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ အများစုသည် HIV Positive ဖြင့် အသက်ဆုံးရှုံးနေရသည်ဟု ကချင်ပြည်နယ်၏ ဘိန်းခင်းတိုက်ဖျက်ရေးကို အဓိကထားဆောင်ရွက်နေသည့် ပက်ဂျေဆန် (Petjasan) ခေါ် ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ (ဝိုင်းမော်ဒေသ) အတွင်းရေးမှူး ဦးဒေါင်ခေါင်းက ပြောသည်။ ကချင်ပြည်နယ် မူးယစ်ဆေးတိုက်ဖျက်မှုအခြေအနေ နှင့်ပတ်သက်ပြီး မဇ္ဈိမက ဦးဒေါင်ခေါင်းနှင့် ဝိုင်းမော်မြို့နယ်တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ - ဆရာတို့ ပက်ဂျေဆန်အဖွဲ့ကိုဘယ်အချိန်ကစဖွဲ့ဖြစ်ခဲ့တာလဲ။ လက်ရှိဆရာတို့ လှုပ်ရှားဆောင်ရွက်နေမှု အပိုင်းကရောဘာတွေ ရှိလဲ။

Petjasan - ၂၀၁၅ ဒီဇင်ဘာလ ၁၅ ရက်နေ့ပေါ့။ အဲဒီမှာခရစ်ယာန် ဘာသာရေးဂိုဏ်းပေါင်းစုံကို အစည်းအဝေးခေါ်ပြီးမှ ကော်မတီဖွဲ့လိုက်တာ။ အဲဒီကော်မတီရဲ့ ခေါင်းစဉ်က၂၀၁၆ ဝိုင်းမော်ဒေသခရစ်ယာန်ဂိုဏ်းပေါင်းစုံမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဆိုပြီး အဲဒီကနေမှ စီမံချက် ၁ ဆိုပြီး ဇန်နဝါရီ ၁၈ ရက်ကနေ ဖေဖော်ဝါရီ၄ ရက်နေ့ အထိဆိုပြီး သတ်မှတ်ခဲ့တယ်။ ဒီကနေ ၁၉ ရက်နေ့ ထွက်မယ်လို့ မျှော်လင့်ထားပေမယ့် မဖြစ်ဘူး။ ကျွန်တော်တို့ ဇန်နဝါရီ ၂၃ မှ ထွက်ဖြစ်တယ်။

မဇ္ဈိမ - အခုအပြင်မှာပက်ဂျေဆန်လို့ ခေါ်နေတယ်ပေါ့။ အခုဆရာတို့ ဖွဲ့ထားတဲ့အဖွဲ့နဲ့ Petjasanဆိုတာအတူတူပဲလား။

Petjasan -ပက်ဂျေဆန်ဆိုတာကချင်လိုပြောတာပေါ့။ ကျွန်တော်တို့ ကချင်လိုကျတော့ ကာနေသံဖမ်းပက်ဂျေဆန် ဆိုပြီးတော့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဆိုတဲ့ခေါင်းစဉ်ပေါ့ဗျာ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ကချင်လိုပြောတော့ ပက်ဂျေဆန်ပေါ့။

မဇ္ဈိမ - အခုဆရာတို့အဖွဲ့မှာအဖွဲ့ဝင် ဘယ်လောက် ရှိနေပြီလဲ၊ ကချင်တွေပဲစုဖွဲ့ထားတာလား၊ တခြားတိုင်းရင်းသားလူမျိုးစုတွေ ပါသေးလား။

Petjasan - ကျွန်တော်တို့ စစချင်းလုပ်တဲ့ စီမံချက် ၁ မှာတော့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံပေါ့။ အဲဒါပဲပါတယ်။ ဒီစီမံချက် ၂ မှာတော့ ကချင်လူထုတွေ အကုန်လုံးပါတယ်။ တခြားဘာသာဝင်တွေတော့ မပါသေးဘူး။ ကျွန်တော်တို့ အချင်းချင်းတောင် ပြောဖို့ဆိုဖို့က တော်တော်လေးလုပ်ယူရတယ်လေ။ အဲဒါကြောင့်ပါ။ ကချင်လူမျိုးခရစ်ယာန် ဂိုဏ်းပေါင်းစုံဆိုတာထက် ခရစ်ယာန် ဖြစ်တဲ့သူအားလုံးပေါ့။

မဇ္ဈိမ - အခုလောလောဆယ် ဆရာတို့ ဘိန်းတိုက်ဖျက်ရေးအတွက် ဘာလှုပ်ရှားမှုတွေ ရှိလဲ။

Petjasan - ဘိန်းတိုက်ဖျက်ရေးအတွက်ဆိုရင်တော့ စီမံချက် ပထမပိုင်းကလည်း ပြီးသွားပြီ။ ပြောရရင် ကျွန်တော်တို့ရော ဘာသာရေးကဓမ္မဆရာတွေ ဆိုတော့ အချိန်ကသိပ်မပေးနိုင်တော့လေ။ ပြောထားတဲ့ကာလကတော့ ကျော်သွားပြီ။ ဒီစီမံချက် ၂ မှာရောဒီအတိုင်းပဲ။ ကျွန်တော်တို့ extention ပြန်လုပ်ထားတာပေါ့။

မဇ္ဈိမ - စီမံချက် ၁ မှာဘိန်းခင်းတွေ လိုက်ဖျက်ခဲ့တယ်ဆိုတော့ ဘယ်နှစ်ဧကလောက် ဖျက်နိုင်ခဲ့လဲ။

Petjasan - ကျွန်တော်တို့ ခန့်မှန်းတာတော့ ဧက ၈၀၀ ပတ်ဝန်းကျင်ပေါ့။ အဲဒါကတော့ လုံဇာမှာပေါ့။ ရှငေါ်ချောင်းရဲ့ မြောက်ဘက်ပေါ့။ စစ်တပ်အခေါ်ဆိုပန်ဝါဗျူဟာလို့ ပြောတာပေါ့။ အဲဒီဘက်မှာဌာနဆိုင်ရာအားလုံးပေါ့ဗျာ၊ ဗျူဟာမှူးပါတယ်၊တပ်မှူးပါတယ်၊ ပြည်သူ့စစ်ပါတယ်။ ပြည်သူ့ရဲပါတယ်။ ပြီးရင် ဌာနဆိုင်ရာပေါ့။ အားလုံးပါပါတယ်။

မဇ္ဈိမ - စီမံချက် ၁ မှာတော့ ဘိန်းခင်းတွေ သွားဖျက်တဲ့အခါ ဌာနဆိုင်ရာတွေ အကုန်လုံးပါခဲ့တယ်ပေါ့။ ဒါပေမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာဆဒုံးမြို့အကျော် မဂါရွာမှာစီမံချက် ၂ အနေနဲ့ ဘိန်းခင်းတွေ သွားဖျက်တုန်းက မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတော့ အဲဒီတုန်းကရဲတွေ မပါဘူးလား။ စီမံချက် ၂ မှာရော ဘိန်းခင်းတွေ ဘယ်လောက်အတိုင်းအတာထိ ဖျက်ဖြစ်ခဲ့လဲ။

Petjasan - ရဲတွေကလုံခြုံရေးမပါဘူး။ ၂၃ရက်နေ့ မနက်ပိုင်းအစည်းအဝေးလုပ်တဲ့အခါ နယ်လုံဝန်ကြီးပါတယ်၊ ရဲပေါ့။ ဌာနဆိုင်ရာရဲတွေ ပါတယ်၊ မီးသတ်တွေလည်းပါတယ်။ အခုထိ ကျွန်တော့ကိုပေးလိုက်တဲ့ စာရွက်ရှိသေးတယ်။ ပြောချင်တာသူတို့ရောလိုက်မယ်၊ ဌာနဆိုင်ရာရောမီးသတ်ရော၊ ဘယ်လောက် ဘယ်လောက် တက်နိုင်တယ်ဆိုတာသူတို့ အကုန်လုံးသတ်မှတ်ပြီးထွက်မယ့် မနက်ပေါ့နော်။ ကျွန်တော့်ကိုခေါ်ပြီးတော့ တာဝန်ရှိအစိုးရဝန်ထမ်းတွေကိုလိုက်သွားဖို့ အတွက် လုပ်ထားတယ်။ ပြောချင်တာပါတယ်လို့ ပြောချင်တာ။ စီမံချက် ၂ က ကျွန်တော်တို့ ဖျက်ကိုမဖျက်ရသေးတာ။ စီမံချက် ၁ ကတော့ လုံဇာရယ်၊ ခုနပြောတဲ့ ရှငေါ်ချောင်းရဲ့ မြောက်ဘက်ပေါ့။ အဲဒီမှာတစ်ဖွဲ့ သွားဖျက်ခဲ့တာအင်အား ၁၃၀၀ ပတ်ဝန်းကျင်နဲ့ပေါ့။ နောက်ပြီးမော်စီတုန်းဆိုတဲ့ ဘက်မှာတော့ အဲဒီ First Mission မှာပဲ ကျွန်တော်တို့ အင်အား ၁၈၀ ပတ်ဝန်းကျင်၊ အဲဒါလည်းစတုန်းကဌာနဆိုင်ရာ ဗျူဟာမှူးတို့၊ ရဲတို့နဲ့ တစ်ခေါက် သွားဖျက်သေးတယ်။ သွားဖျက်တော့ သူတို့ ပြောတာတော့ ၄၊ ၅ ဧကလောက်ပဲရှိမယ်လို့ ပြောတယ်။ ဖျက်တော့ သွားဖျက်တာပေါ့။ အတိအကျတော့ မဟုတ်ဘူး။ ဒေသခံတွေကပိုများတယ်လေ။ ကားမှန်ခွဲတာတို့၊ ကျောက်ခဲနဲ့ ထုတာတို့ ရှိတယ်။ စီမံချက် ၂ မှာဘိန်းခင်းတောင် မဖျက်ရသေးဘူး။ အခု ပြီးသွားပြီ။

မဇ္ဈိမ - ဒါဆိုစီမံချက် ၂ မှာဘာတွေကိုအဓိကလုပ်ဖြစ်ခဲ့လဲ။

Petjasan - စီမံချက် ၂ အပိုင်းကိုပြောမယ်ဆိုရင် ခုနကပြောတဲ့ မော်စီတုန်းဘက်မှာပေါ့။ ကျွန်တော်တို့ လူတွေ လေးခွနဲ့ အပစ်ခံရတာတွေ၊ တားဆီးခံရတာတွေ ရှိတော့ လုံဇာဘက်မှာရှိတဲ့ သူတွေက ပြန်ဆင်းလာခဲ့ပြီးမှ ဆဒုံးဘက်ကို ပြန်တက်ဖို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ အဓိက target ထားတာကစီမံချက် ၁ ပေါ့။ လုံဇာ၊ ရှငေါ်ချောင်းရဲ့ မြောက်ဘက်ခြမ်းမှာအဖွဲ့တစ်ဖွဲ့လောက်ပဲသွားဖို့ စီစဉ်ထားတာ။ ဆဒုံးဘက်ကိုအဖွဲ့များများသွားဖို့ စီစဉ်ထားတာ။ ဒါပေမယ့် ပြောင်းပြန် ဖြစ်သွားတာပေါ့ဗျာ။ ပြောင်းပြန်ဖြစ်သွားတော့ အင်အား ၁၈၀ လောက်ပဲရှိတဲ့ လူပဲသွားတော့ အဲဒီလို ပြဿနာဖြစ်တော့ အကုန်လုံး ပြန်ဆင်းပြီးအဲဒီဘက်မှာ ပြန်တက်ဖို့ ခေါ်ခဲ့တယ်။ ခေါ်တော့ ၈ ရက်နေ့ အကုန်လုံးဆင်းလာ၊ ဆင်းလာပြီးမှ လုံခြုံရေးအရသော်လည်းကောင်း၊ အစစအရာရာ ကျွန်တော်တို့ ပြန်စောင့်တော့ ကြာသွားတယ်။ ၁၆ ရက်နေ့မှ ကျွန်တော်တို့ ပြန်ထွက်ဖြစ်တယ်။ ၁၆ ရက်နေ့ဆိုတာ ယဉ်ကျေးမှု ဗိမ္မာန်ကနေပြောတာ။ လမ်းဆုံမှာအကြာကြီးပေါ့နော်။ ၁၆ ရက်ကနေ ၂၃ အထိနေခဲ့ရတယ်။ ခုနကပြောတဲ့ ထွက်လို့ ရပြီဆိုပြီး ပြန်ထွက်တဲ့အချိန်က ဘုံတောင်အထိပဲရောက်တယ်။ ၂၄ မှာအဖွဲ့ နှစ်ဖွဲ့ ထွက်မယ်၊ ၂၅ မှာအဖွဲ့ ၂ ဖွဲ့ ထွက်မယ်၊ ၂၆ မှာအဖွဲ့ နှစ်ဖွဲ့ထွက်ဖို့ စီစဉ်ထားတာ။ နယ်လုံဝန်ကြီးရယ်၊ ဌာနဆိုင်ရာအားလုံးပေါ့။ အဲဒီလိုစီစဉ်ထားတာ။ ၂၄ ရက်နေ့ ထွက်တဲ့ အဖွဲ့ကျတော့ မော်ခမ်းဘက်မှာဝိုင်းခံရတာမျိုး ဖြစ်တယ်။ ၂၅ မှာ ပြန်တက်သွားတဲ့ သူတွေကျတော့ ဝေမိုးမှာသေနတ်နဲ့ ပစ်တာတွေ၊ ဗုံးနဲ့ ထုလို့ ကားတွေ ဆုံးရှုံးရတာတွေ ရှိတယ်။ ဒီနေ့မှ ကျွန်တော်သိရတာ ၂၄ မှာရိက္ခာအိတ် ၁၂ လုံးကိုအကုန်လုံးမီးရှို့ပစ်လိုက်တာ။ တချို့ကျတော့လည်းယူသွားလို့ ပြောတယ်။ အဲဒါမျိုးပေါ့။ ပြောချင်တာဘိန်းပင် တစ်ပင်မှ မခုတ်ရသေးဘူး။ အကုန်လုံး ပြန်ဆင်းလာရတယ်။

မဇ္ဈိမ - ဒါဆိုအခုလက်ရှိ အစိုးရပိုင်းကဆရာတို့နဲ့ ပူးပေါင်းလုပ်နေတာပေါ့။

Petjasan - သူတို့ သပ်သပ် လုပ်နေတယ်လည်း ကြားတယ်။ ဘယ်လိုလဲဆိုတာ ကျွန်တော်လည်းသေချာမသိဘူး။ ကျွန်တော်တို့နဲ့ မပါဝင်ဘူးပေါ့။ ပထမပိုင်းတုန်းက အရမ်းအဆင်ပြေတယ်။ ဒုတိယပိုင်းကျတော့ ပြောမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးပေါ့ဗျာ။ ကျွန်တော်တို့ သူတို့ရဲ့ ခွင့်ပြုချက်ပေါ့ဗျာ။ အဲဒါကိုစောင့်ပြီး ဒီနေ့ထွက်ပါဆိုလို့ ထွက်တဲ့အချိန်ကျမှ အဲဒီလို ဖြစ်သွားတော့ ကျွန်တော်တို့လည်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့ သူတို့ကိုအားကိုးပြီးမှ သူတို့ သွားပါဆိုတဲ့ အချိန်မှာမှ ကျွန်တော်တို့ ထွက်သွားတော့ ပထမပိုင်းပုံစံမျိုးပဲ ကျွန်တော်တို့ကထင်ထားတာ။ အတူတကွပေါ့။ ရှိတာလေးတွေ ဝိုင်းဝန်းစားသောက်ပြီးမှ အတူတကွ ဘိန်းခင်းကိုတိုက်ဖျက်ဖို့အတွက် အဲဒါမျိုးထင်နေတာ။ ဒါပေမယ့် ဟိုမှာရောက်သွားတဲ့ အချိန်မှာပြောင်းပြန်ဖြစ်သွားတယ်။ ရဲတွေတော့ ပါတာပေါ့။ ဒါပေမယ့် အရင်တုန်းကဆိုစစ်တပ်တို့ ဘာတို့ အတူတကွ သွားတယ်လေ။ ဗျူဟာမှူး ကိုယ်တိုင် ပါဝင်တယ်။ ပြီးရင် တပ်ရင်းမှူး တစ်ယောက်ယောက် ပါတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့အတွက် ပိုပြီးတော့ လုံခြုံစိတ်ချတာပေါ့။ ဒုတိယအခေါက်ကျတော့ စစ်တပ်ဘယ်လောက်ပါဝင်မလဲဆိုပြီးမေးခဲ့တယ်။ သူတို့ကမပြောဘူး။ သူတို့ ပြောလို့ မရတာ ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ကပထမစီမံချက်အတိုင်းသွားဖို့ ထင်နေတာ။ ဒါပေမယ့် သူတို့ မပါဘူးဆိုတော့ အမျိုးမျိုး ဖြစ်ကုန်တာပေါ့ဗျာ။

မဇ္ဈိမ - ဆရာတို့လည်းအခုဘိန်းခင်းတွေကို အဓိကထားပြီး ဖျက်နေတယ်ဆိုတော့ဆရာတို့ ဒီကချင်ပြည်နယ်မှာမူးယစ်ဆေးရဲ့ ဝါးမြိုမှုကဘယ်လောက်ထိ ကြီးထွားနေပြီလဲ။

Petjasan - အဓိကလူငယ်တွေ အသက်ဆုံးရှုံးရတာအများကြီးရှိတယ်။ သက်သေကတော့ သင်္ချိုင်းကုန်းမှာသွားကြည့်ရင် ပိုပြီးတွေ့ရမယ်။ အသက်လေနော်။ ဘယ်လောက် ဘယ်လောက် အရွယ်ကပိုပြီး သချုႋင်းမှာရောက်နေလည်းဆိုတာ။ ဒါ ကျွန်တော်တို့ နှစ်ခြင်းပိုင်းပေါ့နော်။ ဒီမှာမူးယစ်ဆေးဝါးကြောင့် ကျွန်တော်တို့ အသင်းသူ၊ အသင်းသားတွေ ဘယ်လောက်ထိ ဆုံးရှုံးနေရလဲဆိုတာ ကျွန်တော်တို့မှာ data တွေ အကုန်လုံးရှိတယ်။ တခြားလီဆူးတို့၊ အေဂျီ (AG) တို့၊ ရဝမ်တို့၊ အာစီ (RC) တို့ မပါသေးဘူး။ နှစ်ခြင်းသပ်သပ်တောင်မှ တော်တော်လေးများတယ်။ ရောင်းတဲ့သူတွေရော၊ သုံးစွဲတဲ့ သူတွေရော။ ကျွန်တော် တစ်ခုပြောချင်တာလေ ကျွန်တော်တို့ ဝိုင်းမော် နှစ်ခြင်းအသင်းတော်မှာအသင်းတော်အပါး ၄၀ ရှိတယ်။ အကုန်လုံးအသင်းတော် အပါး ၄၀ လုံးမပါဝင်တဲ့သူတစ်ပါးမှ မရှိဘူး။ ဒီမူးယစ်ဆေးဝါးအန္တရာယ်နွံထဲမှာ ကျရောက်နေတာ အကုန်လုံးမလွတ်ဘူး။ (မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရသည့် နှစ်ခြင်းပိုင်းမှာ အချက်အလက်ကိုမူ ဦးဒေါင်ခေါင်းက ပြောပြရန် ငြင်းဆိုခဲ့သည်)

မဇ္ဈိမ- ဒါနဲ့ တစ်ဆက်တည်းမူးယစ်ဆေးသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲရောဂါဖြစ်တဲ့ HIV ပိုးကူးစက်မှု နှုန်းကရောဘယ်လိုအနေအထားရှိနေလဲ။

Petjasan - အဲဒီအပိုင်းကျတော့ HIV လည်းဒီအတိုင်းပါပဲ။ Positive ဘယ်လောက် ရှိတယ်ဆိုတာမျိုး ကျွန်တော်တို့ data ကောက်ထားတာတွေ အကုန်လုံးရှိတယ်။ အများပိုင်းကတော့ အပ်စိုက်တဲ့သူတော်တော်များများဟာ Positive ဖြစ်တာများတယ်။ ပြောမယ်ဆိုရင် ကျွန်တော့်ညီတွေပေါ့။ မူးယစ်ဆေးဝါးသုံးပြီးအသက်မရှည်ဘူးလေ။ သုံးစွဲတဲ့သူတွေဟာအကုန်လုံး positive နဲ့ ဆုံးတဲ့သူတွေချည်းပဲ။ အခုထွက်တဲ့ ဆေးတွေဆိုတော်တော်လေး ပြင်းတယ် ပြောတယ်။ အဲဒီဆေးသုံးစွဲပြီးတဲ့သူကအနည်းနဲ့ အများပဲရှိတယ် ပြောတယ်။ အဲဒါ ထိုးတဲ့သူကိုယ်တိုင် ပြောတာ။ ကျွန်တော့်ညီကိုယ်တိုင်ပြောတာ။ မြန်မလား၊ နှေးမလား၊ တစ်နှစ်လား၊ နှစ်နှစ်လား၊ အဲဒီလောက်ပဲအသက်ရှင်ရတာပေါ့ဗျာ။ ပြောရရင်တော့ တကယ်ကိုကြောက်စရာကောင်းတယ်။

မဇ္ဈိမ - ဆရာ့ကိုတစ်ခုလောက် မေးချင်တာဆရာလည်း မူးယစ်ဆေးတိုက်ဖျက်တဲ့အဖွဲ့မှာ ကိုယ်တိုင်လည်းပါနေတော့ မူးယစ်အန္တရာယ်နဲ့ တခြားရောဂါတွေ ခုနပြောသလို HIV ကူးစက်တာတွေ ဖြစ်မလာအောင် လူငယ်တွေကိုတစ်ခုခုပြောချင်တာများရှိလား။

Petjasan - ကျွန်တော်ကျတော့ ဒီမူးယစ်ဆေးဝါးကျတာ့ ကချင်အားလုံးကို ခြုံပြီးမပြောချင်သေးဘူး။ ကျွန်တော်တို့ ကချင်နှစ်ခြင်းအဖွဲ့ချုပ်အတွက်တော့ မူးယစ်ဆေးဝါးကနံပါတ် ၁ ရန်သူပဲ။ နံပါတ် ၁ ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကိုသွားမစတာတော့ အကောင်းဆုံးပဲလို့ ကျွန်တော်တော့ အဲဒီလိုပဲခံယူတယ်။ သွားစမိပြီဆိုရင်တော့ အိမ်ထောင်၊ မိသားစုသာမကဘူး လူထုအားလုံးပေါ့၊ တော်တော်လေးကို စိတ်ဆင်းရဲရတာပေါ့ဗျာ။ တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ အားလုံးစိတ်ဆင်းရဲရတာပဲ။ မသုံးစွဲတာတော့ အကောင်းဆုံးပါပဲ။

အခုလိုအချိန်ပေးပြီးဖြေကြားပေးတာကျေးဇူးတင်ပါတယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags