ခမရ(၁၅)တပ်အတွင်း စစ်ကောင်စီတပ်အရာရှိများ ရောက်နေချိန် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
02 June 2023
ခမရ(၁၅)တပ်အတွင်း စစ်ကောင်စီတပ်အရာရှိများ ရောက်နေချိန် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁၅) ခြေမြန်တပ်ရင်း (ခမရ-၁၅)အတွင်း၌  စစ်ကောင်စီတပ်အရာရှိများ ရောက်ရှိနေချိန် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု  မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ Natogyi People Defence Force (NPDF) မှ သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်အရာရှိများသည်  ရဟတ်ယာဉ်နှစ်စင်းဖြင့် မြင်းခြံသံမဏိစက်ရုံကို ကြည့်ရှုစစ်ဆေးရန် လာရောက်ပြီး (ခမရ- ၁၅)တပ်တွင်းသို့  ရောက်ရှိနေချိန်  မေလ ၃၁ရက် နံနက် ၁၁နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  Natogyi People Defence Forceမှ တာဝန်ရှိသူထံမှ သိရသည်။ 

“အဲဒီကောင်တွေကို ရောက်လာတာက ရဟတ်ယာဉ်နှစ်စီးနဲ့လာတယ်။ တပ်ထဲကို ခမရ (၁၅)ထဲကို ဆင်းတယ်။ တစ်ခါ အဲဒီကနေ ပြန်တက်ပြီးတော့မှ မြင်းခြံသံမဏိစက်ရုံမှာ NLD လက်ထက်တုန်းက ပိတ်ထားပြီးတော့မှ အခုမင်းအောင်လှိုင် လက်ထက်ကျမှ ပြန်ဖွင့်မယ်ဆိုပြီးတော့ အဲဒီအတွက် လာရောက် စစ်ဆေးကြည့်ရှုတာပေါ့နော်။ အဲတာကို ခမရ (၁၅)ထဲရှိနေတဲ့အချိန် ကျတော်တို့က ဒရုန်းနဲဗုံးကြဲတာဗျ။” ဟု NPDF တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။
 
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု Natogyi People Defence Force (NPDF)မှ ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး တပ်တွင်းသတင်းပေး၏  ပြောပြချက်အရ အတည်ပြုနိုင်ခဲ့သည်ဟု NPDF တာဝန်ရှိသူကပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

“သူတို့ကလေ စိုးဝင်းလည်းပါတယ်လို့ပြောတယ်။ မင်းအောင်လှိုင်လာဖို့အတွက် မန္တလေးဘက်ကနေ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက စ-(စကစတပ်သား)တွေ တော်တော်များများ ရောက်လာပြီးတော့မှ မြို့ရဲ့ အဝင်အထွက်တွေ၊  လမ်းမကြီးတွေမှာ ကင်းအပြည့်ချထားတယ်။” ဟုလည်း ၎င်းက ဆက်ရှင်းပြသည်။ 

လွန်ခဲ့သော မေလ ၂၈ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်များသည်  မြင်းခြံမြို့အဝင်အထွက်များဖြစ်သော နွားထိုးကြီး-မြင်းခြံလမ်း၊  မြင်းခြံ-ပုဂံလမ်း ၊ မြင်းခြံ-တောင်သာလမ်း၊ မြင်းခြံ-မြို့သာလမ်း စသည့်လမ်းမကြီးများတွင် စစ်သားအင်အားအများအပြားဖြင့် ကင်းပုန်းချထားကာ လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို  Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း နှင့်အတူ Myingyan District Drone Strike Team၊  မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁)၊  မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)တို့မှ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required