NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှု ၁၀ မှုကို လာမည့်ဇွန်လ ပထမပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
ကြားနာရန်ရှိသည့် အမှုများမှာ ဒေါက်တာမျိုးအောင်၏ အမှုငါးမှုနှင့် ဦးရဲမင်းဦး၏ အမှုငါးမှုတို့ဖြစ်ပြီး ၎င်းတို့အား အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့်အပေါ် နှစ်ဖက်လျှောက်လဲချက် ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။
"အဂတိအမှုတွေပေါ့။ ပုဒ်မ ၅၅ နဲ့စွဲတဲ့အမှုတွေ။ မန္တလေးတိုင်းက တိုင်းဒေသကြီးက ချတယ်။ အပေါ်ကို တက်တယ်။ တစ်ပါးထိုင် (တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးတည်း စီရင်တဲ့အမှု)က ပယ်လိုက်လို့ အခုက အထူးတက်တာပေါ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လာမည့် ဇွန်လ ပထမပတ်၌ ကြားနာမည့် အမှုများတွင် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲထားသည့် အဂတိအမှုများလည်း ပါဝင်သည်။
အမှုများအား အထူးအယူခံဝင်ခွင့်ပြု၊ မပြုနှင့် ပတ်သက်ပြီး အမိန့်ချမှတ်မှုမှာ ပုံမှန်အားဖြင့် ၁၀ ရက်ကျော် ကြာမြင့်နိုင်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
လက်ရှိတွင် NLD အစိုးလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲထားသည့်အမှုများအတွက် တစ်ဦးလျှင် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံထားရသည်။
အဆိုပါ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပလပ်ခံရခြင်း၊ ပယ်ချခံရခြင်းများ ပြုလုပ်ခံခဲ့ရသည့်အတွက် စွပ်စွဲခံရသူများက အထူးအယူခံ ဆက်တက်နေခြင်းဖြစ်သည်။
လာမည့် မေလ ၃၀ ရက်နေ့တွင်လည်း တရားလွှတ်တော်ချုပ်က ပယ်ချထားသည့် ဒေါက်တာမျိုးအောင်၏ အဂတိ အမှုတစ်မှုနှင့် NLD အစိုးရလက်ထက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ အဂတိ အမှုငါးမှုကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန်ရှိကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်