မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

By 001 (မဇ္စျိမ)
22 May 2023
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်၀န် ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့က ပြင်ပသို့ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြုလုပ်နေကြကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

နိုင်ငံရေးအကျဥ်းသားအချို့ကို အကြောင်းပြချက်မပေးဘဲ မေလ ၂၁ ရက်နေ့ ညနေပိုင်း၊ ညပိုင်းနှင့် မေလ ၂၂ ရက်နံနက်ပိုင်းစသည်ဖြင့် အချိန်ခွဲ၍ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အကျဉ်းထောင်က တာ၀န်ခံအရာရှိတွေနဲ့ သွားတွေ့တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဖက်ကဖြေရှင်း ပေးမယ့်သူတွေက သွားတွေ့တဲ့အချိန်မှာ ထောင်ဖက်က ဘာမှအကြောင်းပြန်လာတာ မရှိတဲ့အတွက် မနက်ကတည်းကစပြီး hunger စဆွဲနေပါပြီ။ ဒါက ၁၂ နာရီ ၁ ချက်အထိ အတည်ပြုချက်ပေါ့နော်။ အဓိက ကတော့ နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိရေးဆိုတဲ့ ခေါင်းစဉ် ပေါ့”ဟု မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထောင်တွင်းမှ သီးသန့်ခေါ်ထုတ်ခံရသူများမှာ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော် မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုအောင်မျိုးသန့်နှင့် ကိုကျော်ဇင်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိုအထဲမှ ကိုကျော်ဇင်ဦးမှာ မြင်းခြံထောင်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ကျန်ခြောက်ဦးမှာ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ယနေ့ ညနေပိုင်း တွင် ပြောသည်။

အဆိုပါ ခေါ်ထုတ်ခံရသူများထဲမှ တစ်ဦးသေဆုံးပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အခုလောလောဆယ် အနေအထားကတော့ ရှာဖွေရေးတွေ အရမ်းကြမ်းနေတယ်။ အခုလက်ရှိ ထောင် တံခါးတွေပိတ်ထားတုန်းပဲ တစ်ယောက်မှ အပြင်မထွက်ရဘူး။ ရေချိုးခွင့်မရှိဘူး။ အစားအသောက် တစ်ခု မှ လာမပို့ထားဘူး။ ဒီဖက်ကလည်း မယူဘူးပေါ့လေ”ဟု ဆိုသည်။

မြင်းခြံအကျဉ်းထောင်တွင် ပြီးခဲ့သည့်နှစ်လခန့်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသခွင့် မပေးခြင်းများလည်းရှိနေပြီး ထောင်ဝင်စာပို့ရာတွင်လည်း ကန့်သတ်မှုများရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#မြင်းခြံမြို့

#အကျဉ်းထောင်

#ဆန္ဒပြမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required