၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၇၁ သန်းကျော် ရှိခဲ့

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၇၁ သန်းကျော် ရှိခဲ့

ယမန်နှစ် ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် တစ်ခုပြီးတစ်ခု ဖြစ်ပွားသော အကျပ်အတည်းများကြောင့် လူပေါင်း သန်း ၇၀ ကျော်သည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) ဦးရေက စံချိန်တင်မြင့်တက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက မေလ ၁၁ ရက်တွင် ပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် အပြင် ပါကစ္စတန်တွင် အကြီးအကျယ် ထိခိုက်စေသော မုတ်သုံရာသီ ရေကြီးမှုများကြောင့် လူအများအပြား နေရပ်စွန့်ခွာရခြင်းနှင့်အတူ ၂၀၂၂ တွင် IDP ဦးရေမှာ မကြုံစဖူး များပြားသည့် ၇၁ ဒသမ ၁ သန်းအထိ ရှိခဲ့ပြီး အစောပိုင်းတစ်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ပိုများခဲ့သည်။

ယမန်နှစ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူအသစ်ဦးရေ ၆၀ ဒသမ ၉ သန်း ရှိခဲ့ပြီး တချို့သည် ထိုနှစ်အတွင်း အကြိမ်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရကြောင်း ပြည်တွင်းနေရပ်စွန့်ခွာမှု စောင့်ကြည့်ရေး စင်တာ (IDMC) နှင့် နော်ဝေ ဒုက္ခသည် ကောင်စီ (NRC) တို့၏ ပူးတွဲအစီရင်ခံစာတစ်ရပ်အရ သိရသည်။

ယင်းသည် ပြည်တွင်းနေရပ်စွန့်ခွာရမှုအသစ်များအတွက် စံချိန်တင် မြင့်မားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က တွေ့မြင်ခဲ့ရသည့် အသစ်အသစ်သော ပြည်တွင်းနေရပ်စွန့်ခွာရသူ ၃၈ သန်းနှင့် ယှဉ်ပါက ၆၀ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်သည်။

ကိန်းဂဏန်းများက “အလွန်ပင် မြင့်မား” ကြောင်း IDMC အကြီးအကဲ အလက်ဇန္ဒား ဘီလက်ခ်က အေအက်ဖ်ပီကို ပြောသည်။

“ယူကရိန်း စစ်ပွဲ၊ ပါကစ္စတန် ရေကြီးမှု၊ ကမ္ဘာတစ်ဝန်းမှာ အသစ်ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေ၊ ဆက်လက်ဖြစ်ပွားဆဲ ပဋိပက္ခတွေ၊ အမေရိက ကနေ ပစိဖိတ်အထိ မြင်တွေ့ထားခဲ့ရတဲ့ ရုတ်တရက် ကျရောက်တဲ့ ဘေးဒုက္ခဆိုးတွေ၊ ဖြည်းဖြည်းချင်း ကျရောက်တဲ့ ဘေးဒုက္ခဆိုးတွေကြောင့် ခုလို ကိန်းဂဏန်းတွေ မြင့်တက်လာရတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required