ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

ကချင်ပြည်နယ်၊ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်၊ညောင်ပင်ကုန်းအတက်၊မော်မောင်းလယန် ရွာလမ်းခွဲတွင် ယမန်နေ့မေလ ၉ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ‌သောကြောင့် နှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်၂၀ ခန့်သည် မေလ ၉ ရက် ညနေ ၅ နာရီခန့်မှစ၍ လမ်းသွားလမ်းလာ ပြည်သူများကို ဆိုင်ကယ်တူးဘောက်ဖွင့်၍ စစ်ဆေးခြင်း၊ကားပေါ်မှဆင်းခိုင်းကာစစ်ဆေးခြင်း၊ဖုန်းများအားဖွင့်ခိုင်းပြီး စစ်ဆေးခြင်းများ ပြုလုပ်နေစဉ် ညနေ ၆နာရီခန့်တွင်  မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဟု ‌ဒေသခံတစ်ဦးကပြောသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသည်ဟု အဆိုပါ ဒေသခံက မဇ္ဈိမကို ပြောသည်။

မော်မောင်းလယန်ကျေးရွာဒေသခံတစ်ဦးက "ညောင်ပင်ကုန်းအတက်မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရတာဟုတ်တယ်။ နှစ်ယောက်သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်တပ်က ရမ်းပစ်လို့ အရပ်သားနှစ်ယောက်ထိပြီးတစ်ယောက် သေဆုံးသွားပါတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့်အရပ်သားတစ်ဦးသေဆုံးသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက်မရရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေက ဖားကန့်မြို့မှ ပန်းတင်တံတား ၊ဖားကန့်ဥရုရတနာကျောက်စိမ်းတံတား၊ အေးမြသာယာရပ်ကွက်မှ ညောင်ပင်ကုန်းအတက်၊ကုလားချောင်နှင့်မော်မောင်းလယန်ရွာကြားတို့တွင် လေးနေရာခွဲ၍  စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးခြင်း၊ဖမ်းဆီးခြင်း၊ဓားစာခံအဖြစ်ခေါ်ဆောင်သွားခြင်းများ မကြာခဏ ပြုလုပ်နေသောကြောင့်  စိုးရိမ်ထိတ်လန့်နေရကြောင်း ဖားကန့် ဒေသခံများကပြောသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ပြည်သူများအနက်မှ  ရှစ်ဦးကိုသတ်ဖြတ်ကာ အများပြည်သူသွားလာနေသော နေရာများတွင် စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်တွင် အရပ်သားများကို ဖမ်းဆီးပြီး PDF ဟု စွပ်စွဲသတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသောကြောင့် သတိဖြင့် သွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required