ချင်းတောင်တန်းမှာ ဖျက်ဆီးခံထားရသည့် သံချပ်ကာကားကို စစ်တပ်က ပြန်ယူရန် ပြင်ဆင်နေစဉ် တိုက်ပွဲဖြစ် 

By ပါခွီး (မဇ္စျိမ)
03 May 2023
ချင်းတောင်တန်းမှာ ဖျက်ဆီးခံထားရသည့် သံချပ်ကာကားကို စစ်တပ်က ပြန်ယူရန် ပြင်ဆင်နေစဉ် တိုက်ပွဲဖြစ် 

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာတွင် တိုက်ခိုက်ဖျက်ဆီး ထားသည့် စစ်ကောင်စီတပ်၏ သံချပ်ကာကားကို ချင်းအမျိုးသားတပ်မတော် (CNA) က ဒုတိယအကြိမ် ထပ်မံဖျက်ဆီး တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း CNA တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ သံချပ်ကာကားနှင့် အစောင့်စစ်ကောင်စီတပ်သားများကို CNAတပ်ဖွဲ့က မေလ ၁ ရက် ညနေတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သံချပ်ကာကားကို ဒုတိယအကြိမ် ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီ တပ်သားများထံမှ သေနတ်တစ်လက်၊ ကျည်ဘောက် နှင့် ကျည်ဆန်များ သိမ်းဆည်း ရမိခဲ့ကြောင်း ၎င်းက ပြောသည်။

“အဲဒီသံချပ်ကာ ကားတွေကို ဒရုန်းနဲ့ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာ၊ အဲဒါကို ပြန်လည်မွမ်းမံပြီး သူတို့ ဖျက်တာ မပျက်စီးဘူးဆိုတာကို ပြချင်တဲ့သဘောပါ၊ အခု နည်းနည်းဘော်ဒီ ကောင်းဟာကို မိုင်းခွဲ ၊ မီးရှို့ပြီး ပြန်ဖျက်ဆီးလိုက်တာ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမ ကိုပြောသည်။

ချင်းတောင်တန်းပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းပါ သံချပ်ကာ ကားနှစ်စီးနှင့် ကုန်တင်ယာဉ် ၃၀ ကို ဧပြီလအတွင်းက ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ဖျက်ဆီးခဲ့ပြီးနောက် ယခုအခါ အဆိုပါ သံချပ်ကာ ကားကို စစ်တပ်က ပြန်လည်ယူဆောင်ရန် အစောင့်များထားရှိစဉ် CNAက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားများသည် ချွန်ကျုံးရွာအတွင်းရှိ ဘုရားကျောင်း တစ်ကျောင်းအပါအဝင် လူနေအိမ်အချို့ကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသော်လည်း ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေကို မသိရသေးပေ။

အဆိုပါရွာအတွင်းရှိ စစ်ကောင်စီတပ်သားများသည် ဘုရားကျောင်းတစ်ခုအတွင်း နေရာယူထားကြပြီး ချင်းတပ်ဖွဲ့များ အနီးသို့ကပ်မလာနိုင်စေရန် အနီးနား ရှိ အိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။

ယင်းအပြင် မေလ ၁ ရက်နေ့မှာပဲ နံနက် ၁၀ နာရီခန့်က ဂန်ဂေါမြို့ဘက်မှ တက်လာသော စစ်ကောင်စီတပ်မ (၇၇) အင်အား ၁၀၀ ကျော်ကို ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ရာ အထိနာပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် မေလ ၂ ရက် ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ နယ်၊ ဟားခါး - ဂန့်ဂေါလမ်းပိုင်းရှိ ဗန်တလန်ရွာကို စစ်ကောင်စီလေတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး လူအထိအခိုက် မရှိကြောင်း CNA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဂန့်ဂေါ - ဟားခါးလမ်းနှင့် ချွန်ကျုံး - ဟားခါးလမ်းတွင် တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိနေကြောင်း ဒေသတွင်း စစ်ရေးလေ့လာသူများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required