တစ်ကျော့ပြန်အာဏာသိမ်းမှု နောက်ဆက်တွဲထိပါးလာသော ချင်းတောင်တန်းပေါ်က ဘာသာရေးလွတ်လပ်ခွင့်များ

တစ်ကျော့ပြန်အာဏာသိမ်းမှု နောက်ဆက်တွဲထိပါးလာသော ချင်းတောင်တန်းပေါ်က ဘာသာရေးလွတ်လပ်ခွင့်များ

‘’ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့အတွက် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို တစ်လစာကြိုပေးရတယ်။ ပြီးတော့ အိမ်မှာဆုတောင်းဝတ်ပြုကိုးကွယ်ခြင်းလုပ်မယ်ဆိုရင် တစ်ပတ်စာကြိုတင်ပြီးတော့ ထွေအုပ်ရုံးမှာစာတင်ရတယ်’’ ဟုချင်းတောင်တန်းပေါ်က ဆွေမျိုးတစ်ဦး ပြောသံကြားရတော့ ကျနော့်မှာ တော်တော်လေး ဆွံ့အသွားခဲ့ရသည်။

ဒီအစီအစဉ်က ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ပြည့်၊ သက်တမ်းခြောက်လထပ်တိုးပြီး ချင်းပြည်နယ် ခုနစ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (မာရှယ်လော)အမိန့်ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ပေါ်ထွက်လာတဲ့ညွှန်ကြားချက် အသစ်လည်းဖြစ်သည်။

တကယ်တော့ ဘာသာရေးလွတ်လပ်ခွင့်ကိုထိပါးတာ ချင်းပြည်နယ်မှာအထူးအဆန်းတော့မဟုတ်။ ဟိုးယခင် စစ်အုပ်ချုပ်ရေးကာလ (နဝတ) လက်ထက်ထဲက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခဲ့ဖူးသည်။ အဲဒီအချိန်တုန်းက ခရစ်ယာန်ဘာသာကိုးကွယ်သူများ အထွဋ်အမြတ်ထားရာလက်ဝါးကပ်တိုင်များ ဖြိုဖျက်မှုများပြုခဲ့ကြသည်။

‘’မှတ်မှတ်ရရ ကျွန်တော်တို့မတူပီမှာ ၁၅ပေအမြင့်ရှိတဲ့ ကွန်ကရစ်ကျောက်တိုင် လက်ဝါးကပ်တိုင်နှစ်ခုကို တောင်ထိပ်မှာဆောက်ထားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မတူလူမျိုးတွေက အခုလိုမလေးရှား၊ စင်္ကာပူနိုင်ငံမှာ သွားလုပ်ကြတဲ့သူတွေမရှိဘူး၊ ထိုင်းနဲ့ဖားကန့်မှာ သွားလုပ်ကြတဲ့သူတွေပဲရှိတယ်။ သူတို့ချွေးနှဲစာနဲ့ပို့တဲ့ ငွေတွေနဲ့မတူပီဂိုဏ်းပေါင်းစုံက တည်ဆောက်ကြတာပေါ့နော်။ အဲဒီမှာစစ်တပ်က ဖြိုဖျက်ခဲ့ကြတယ်လေ။ အဲဒီချိန် မတူပီမှာ နာမည်ကြီးဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်ဆိုတာလေ။ သူလည်း နောက်ဆုံးမှာ မစားနိုင်မသောက်နိုင်ကင်ဆာရောဂါနဲ့ဆုံးသွားပါပြီ’’ဟုလည်း လက်ဝါးကပ်တိုင် တည်ဆောက်ရာတွင်ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါလက်ဝါးကပ်တိုင်ကို ၂၀၀၁ခုနှစ်မှစတင်ပြီး မတူပီခရစ်ယာန်အသင်းတော်များကောင်စီမှ (ထိုစဉ်အခါက)ငွေကျပ် ၃ဒသမ ၅သန်းကုန်ကျခံပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၂ခုနှစ်တွင် ပြီးစီးခဲ့သည့်လက်ဝါးကပ်တိုင်ကို အကြောင်းပြချက်မရှိဘဲ စစ်တပ်မှ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် ဖြိုချခဲ့သည်။

ယခုအခါတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ချင်းပြည်နယ်တစ်ခုလုံးတွင် ဘုရားကျောင်း ၂၅ကျောင်းနှင့် ဘာသာရေးအဆောက်အအုံပေါင်း  ၇၀ ကျော် ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်များထဲတွင် ထန်တလန်မြို့၏ဂုဏ်ဆောင် ရှေးဟောင်းနှစ်ခြင်းဘုရားကျောင်း မီးလောင်ပျက်စီးခြင်းနှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော် သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ပါဝင်သည်။

‘’မီးလောင်နေသည့်နေအိမ်များကို မီးငြိမ်းသတ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့်အသင်းတော်မှ လူငယ်ပါစ္စတာတစ်ဦးကို စစ်တပ်မှသေနတ်ဖြင့်ပစ်ခတ်ပြီး သေဆုံးသွားသည့်အခါတွင်လည်း လက်သူကြွယ်ဖြတ်ပြီးဝတ်ဆင်ထားသည့် မင်္ဂလာလက်စွပ်ကို ဖြုတ်ယူသွားသည့်ဖြစ်စဉ်သည် ခရစ်ယာန်ဘာသာဝင်များအတွက် မေ့မရတဲ့ရက်စွဲတွေပဲ ။’’ဟု ထန်တလန်ဒေသခံတစ်ဦးက ပြောသည်။

ဒါ့အပြင် ဖလမ်းမြို့နယ်အတွင်းရှိ ရာလ်သိးကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်းမီးလောင် ပြာကြခဲ့ပြီး၊ တလန်ရောရ်ရွာရှိဘုရားကျောင်းနှင့် ရမ်ထလိုရွာ ဘုရားကျောင်းလည်း ဖျက်ဆီးခံခဲ့ရသည်။

‘’တားရ်ရွာဘုရားကျောင်းထဲမှာ သမ္မာကျမ်းစာ စာအုပ်တွေကို မီးရှို့ပြီးထမင်းဟင်းချက်ကြတယ်၊ ဘုရားကျောင်းပလ္လင်အထက်မှာလည်းအရက်သေစာသောက်စားပြီး အမှိုက်တွေကိုစွန့်ပစ်ထားခဲ့ကြတယ်။ ပြီးတော့ ဘုရားကျောင်းအပြင်ဖက်မှာဆိုရင်လည်း ဓမ္မသီချင်းစာအုပ်တွေကိုမီးပုံရှို့ထားခဲ့တာဗျ။ ပြီးတော့ ဘုရားကျောင်းက အလှူခံသေတ္တာတွေကိုလည်း ရိုက်ဖွင့်ထားခဲ့ကြတယ်’’ဟုလည်း ဖလမ်းဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများတွင်PDF,CDF များက ဗုဒ္ဓဘာသာများကိုသတ်ဖြတ်ခြင်း၊ ဘုန်းကြီးကျောင်းများကိုမီးရှို့ခြင်းများ လုပ်ဆောင်နေသည်ဟု ရေးသားဖြန့်ဝေကြသည်ကိုလည်း တွေ့ရှိရသည်။

‘’ကျွန်တော်တို့ချင်းဆိုတာနဲ့ ဒီကောင်တွေခရစ်ယာန်တွေပဲဆိုပြီး တံဆိပ်ကပ်လိုက်တယ်။ ကယ်တော့ ကျွန်တော်တို့မင်းတပ်၊ ကန်ပက်လက်ဘက်မှာဆိုရင် ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်က အချိုးတူတူပဲဗျာ။ ခေါ်နူးစုမ် တောင်ထိပ်ကို သွားကြည့်လိုက်ပါ။ ထိုင်တော်မှုဘုရားအကြီးကြီး တစ်ဆူရှိတယ်၊ ဇရပ်တစ်ဆောင်ရှိတယ်။ အဲဒီကအမှိုက်တွေဆိုရင်လည်း ဒီကခရစ်ယာန်တွေပဲကောက်ပေးကြတာပဲ။ တကယ်က သူတို့ပဲဖျက်ဆီးတာလေ၊ ဟိုတလောကမင်းတပ်မှာ လေယာဉ်နဲ့လာပစ်လို့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားတယ်။ မနှစ်တုန်းကလည်း မင်းတပ်မြို့ပေါ် (၂၇၄) တပ်ရင်းကနေလက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်း၊ ဇရပ်တွေပျက်စီးခဲ့တာပဲလေ’’ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

လက်တလောထုတ်ပြန်လိုက်သည့် မာရှယ်လောတွင် လူငါးယောက်ထက်မပိုရ၊ မနက် ၆နာရီမှ ည၆နာရီအတွင်း အပြင်မထွက်ရ စသည့် သတ်မှတ်ချက်များပါရှိသည့်အတွက်လည်း ဘုရားကျောင်းအသင်းတော်များတွင် ညဘက်ဆုတောင်းဝတ်ပြုခြင်းနှင့် တနင်္ဂ‌နွေဝတ်ပြုခြင်းများအတွက်အခက်အခဲများ ကြုံတွေ့နေရသည်။

ဒီတော့ မြို့ပေါ်ဘုရားကျောင်းတွေကတော့ တိတ်ဆိတ်နေပြီး CDF ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ဘုရားကျောင်းတွေကတော့ ဓမ္မတေးသံတွေပြန့်နှံ့နေမြဲဖြစ်သည်။

ပုံ - ဖျက်ဆီးခံခဲ့ရသည့် မင်းတပ်မြို့နယ်နှင့်ဖလမ်းမြို့နယ်အတွင်းကျေးရွာများရှိဘုရားကျောင်းများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required