အုတ်ဖိုမြို့နယ်တွင် PDF စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးထက်မနည်း သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
03 May 2023
 အုတ်ဖိုမြို့နယ်တွင် PDF စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာရှိ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၏စခန်းကုန်းအား မေလ ၂ ရက်နေ့ ညနေ ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

“စခန်းကို အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး  ပဇောက်ပုံစံနဲ့ဖြန့်တက်လာတာပါ” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဘေးနှစ်ဖက်ရှိ ချောင်းစောက်ရွာနှင့် ကိုင်းချိုကြီးရွာဘက်မှ စစ်ကြောင်း နှစ်ကြောင်းခွဲကာ တက်လာခြင်းဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်၍ တက် လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုစစ်ကြောင်းနှစ်ခုအနက် ကိုင်းချိုကြီးရွာဘက်မှတက်လာသောစစ်ကြောင်းသည် မြေအောက်ပြောက် ကျားတပ်ဖွဲ့ထောင်ထားသော ပဒေသာမိုင်းခုနစ်လုံးတွဲပါမိုင်းကွင်းသို့ဝင်လာသဖြင့် မိုင်းမိချိန်တွင် မြေ အောက်ပြောက်ကျားတပ်ဖွဲ့ဘက်မှ ၄၀ မမ လက်နက်ကြီးငါးလုံးဖြင့် ထမ်မံပစ်ခတ်ခဲ့သည်။

အဆိုပါလက်နက်ကြီးထဲမှတစ်လုံးမှာ စစ်ကောင်စီတပ်သားများရှိရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲ သဖြင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားကြောင်းသိရသည်။

ချောင်းစောက်ရွာဘက်မှတက်လာသော စစ်ကောင်စီစစ်ကြောင်းကိုလည်း မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရှေ့ဆက်တိုးမရသလို တပ်ပြန်ဆုတ်ဖို့တောင် ဖရိုဖရဲဖြစ်လို့ ဝိုင်းရွာရဲစခန်းကနေ လက်နက်ကြီးပစ်ကူနဲ့ စစ်ကူ ၁၅ ယောက်လောက် အကူအညီယူပြီး ပြန်ဆုတ်သွားရတယ်၊ ဒီဘက်ကတော့ အထိအခိုက် မရှိခဲ့ ပါဘူး၊ တပ်ဖွဲ့ဘက်ကအတည်ပြုတာတော့ စစ်ကောင်စီတပ်သား သေဆုံးသုံးယောက်ပါ။ မြေပြင်မှာတော့ ပိုများနိုင်ပါတယ် စုံစမ်းသိရှိရသလောက်ဆိုရင်” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် PDF စခန်းရှိရာနေရာသို့ စစ်ကြောင်းတက်နိုင်ရန် မေလ ၁ ရက်နေ့ ည ၁၁ နာရီခန့်မှစ၍ အင်အား ၃၀ ခန့်ဖြင့် လာရောက်သတင်းထောက်လှမ်းခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည်  တာဝါတိုင်ကျေးရွာမှနေအိမ်များကို ပြီးခဲ့သည့် မတ်လ ၂၄ ရက် ညနေ ၄ နာရီ ခန့်က မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၆၃ လုံးခန့်ရှိသော တာဝါတိုင်ရွာတွင် နေအိမ် ၁၆ လုံးမီးလောင် ပျက်စီး ခဲ့ကာ တစ်ရွာလုံးစစ်ဘေးရှောင်နေကြရသည်။

ထို့နောက် မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ချောင်းစောက်၊ ကန့်နီ၊ ရေပြာ၊ ကိုင်းချိုကြီး၊ ဝိုင်းရွာ၊ ထန်းပင်ကုန်းနှင့် ဝင်းသရက်အပါအဝင် ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၅၀၀ ကျော်စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် တပ်ဆုတ်သွားသော်လည်း တာဝါတိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏စခန်းကုန်းနေရာသို့ ထပ်မံ၍စစ်ကြောင်းထိုးလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ များက ပြောသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required