စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ လူ ၅,၀၀၀ ခန့် ထွက်ပြေး 

By FX Empire 
06 April 2023
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ လူ ၅,၀၀၀ ခန့် ထွက်ပြေး 
(Reuters Archive)

မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ယခုသီတင်းပတ်အတွင်း နယ်စပ်ဖြတ်ကျော်ကာ ထိုင်းဘက်သို့ လူ ၅,၀၀၀ ခန့် ထွက်ပြေးခိုလှုံကြကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများက ကြာသပတေးနေ့တွင် ပြောသည်။ 

တောင်ပိုင်း ကရင်ပြည်နယ်၌ စစ်တပ်၏ နယ်ခြားစောင့်စခန်းကို လက်နက်ကိုင်များက တိုက်ခိုက်လာသည့်နောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုင်း Khaosod အင်္ဂလိပ်သတင်းစာနှင့် BBC Burmese တို့အရ သိရသည်။ 

၂၀၂၁ ခုနှစ်အတွင်းက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ခုခံမှုများနှင့် ရင်ဆိုင်နေရပြီး သဘောထားကွဲလွဲသူများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို သေလောက်အောင် ဖြိုခွင်းခြင်းများကြောင့် ကမ္ဘာ၏ ရှုတ်ချမှုကိုလည်း ခံနေရသည်။ 

အမျိုသမီးနှင့် ကလေးများ အများစုဖြစ်သော လူ ၅,၀၀၀ ခန့်သည် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်အတွင်းသို့ ဖြတ်သန်းရောက်ကြပြီး ဒေသခံများ ထူထောင်ထားသည့် ယာယီခိုလှုံရေးစခန်းများတွင် ခိုလှုံနေထိုင်ကြကြောင်း ထိုင်းတာဝန်ရှိသူများနှင့် အကူအညီပေးသူတစ်ဦးက ပြောသည်။ 

“မနေ့ကစပြီး လူတော်တော်များများ နယ်စပ်ဖြတ် ဝင်ရောက်လာကြတယ်၊ နယ်စပ်ဖြတ်ဖို့ မြန်မာဘက်မှာ စောင့်နေကြဆဲ လူတွေလည်း ရှိတယ်၊ အခု ဒီမှာ သောက်ရေ မလုံလောက်သလို အိမ်သာလည်း မလောက်ဘူး”ဟု အမည်မဖော်သည့် ကူညီပေးရေးလုပ်သားတစ်ဦးက ရိုက်တာသို့ ပြောသည်။ 

အခြေအနေကို လေတပ်က စောင့်ကြည့်နေပြီး “ထိုင်ဝေဟင်ပိုင်နက် ကျူးကျော်ခံရပါက ကင်းလှည့်တိုက်လေယာဉ်များ စေလွှတ်ရန် အသင့်ရှိကြောင်း” ထိုင်းနိုင်ငံက ပြောသည်။ 

“တက်ခ်ပြည်နယ်က ထိုင်း-မြန်မာ နယ်စပ်ကွပ်ကဲရေးစင်တာဟာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး မြန်မာဘက်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ အားလုံးကို လူသားချင်း စာနာထောက်ထားရေးအရ ဘေးကင်းဖို့နဲ့ လုံခြုံရေး ပေးလျက် ရှိပါတယ်”ဟု ပြည်နယ်အစိုးရ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို မြန်မာစစ်ကောင်စီ ပြောခွင့်ရသူတစ်ဦးက ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။ 

မြန်မာနိုင်ငံက ကျေးလက်ဒေသအများစုတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး စစ်ကောင်စီတပ်များသည် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်မှုများဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required