တကသများ-ရန်ကုန် ကို  အလေးအနက် အသိအမှတ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့ 

By မိုးသောက် (မဇ္ဈိမ)
31 March 2023
တကသများ-ရန်ကုန် ကို  အလေးအနက် အသိအမှတ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့ 

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)များအဖွဲ့ချုပ်က ပေးပို့ခဲ့သည်။ 

စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိတော်လှန်ရေးလှုပ်ရှားမှုများတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြသော တကသများ-ရန်ကုန်ကို အလေးအနက် အသိအမှတ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။ 

ဗကသများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “တကသ(တက္ကသိုလ်ကျောင်းသားသမဂ္ဂ)တွေနဲ့က အရင်ကတည်းက တချို့လုပ်ငန်းတွေ တွဲလုပ်ခဲ့တာရှိပါတယ်။ စစ်အာဏာမသိမ်းခင်ကရော စစ်အာဏာသိမ်းပြီးမှရော ကျနော်တို့ အတူလုပ်ခဲ့တာတွေ ရှိတယ်။ နောင်လည်း တစ်ချက်တူရင် တစ်ချက်ပေါင်းပြီး တူရာအပိုင်းတွေကို တွဲလုပ်သွားမှာပါ။ တကသအင်အားစုတွေတင် မဟုတ်ဘဲ တောင်တန်း/မြေပြန့်၊ ပြည်တွင်း/ပြည်ပ ဘယ်ဒေသကမဆို လက်ရှိမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲခွင်ထဲမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ ကျနော်တို့ တူရာကဏ္ဍတွေ တွဲလို့ရတဲ့အပိုင်းတွေကို တွဲလုပ်သွားမှာပါ” ဟု ဆိုသည်။ 

တကသများ-ရန်ကုန်သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်ရှိကျောင်းသားများသမဂ္ဂ ၁၅ခုဖြင့် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ခုဖြစ်သည်။ 

ယနေ့ နှစ်နှစ်မြောက်အဖြစ် ထုတ်ပြန်သော တကသများ-ရန်ကုန်၏ ထုတ်ပြန်ချက်တွင် တစ်တိုင်းပြည်လုံးတွင် ပျံ့နှံ့တည်ရှိနေသော ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထု၏ တိုက်ပွဲဝင်စွမ်းအားကို ကျစ်လျစ်စွာ စုစည်း၍ ကျောင်းသားထုသွေးစည်းညီညွတ်ရေးသို့ ချီတက်နိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

တကသများ-ရန်ကုန်၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က “တစ်နိုင်ငံလုံးမှာရှိနေကြတဲ့ ကျောင်းသားသမဂ္ဂတွေ သမဂ္ဂအလံတော်အောက်က ရဲဘော်တွေ အနေနဲ့လည်း ကျနော်တို့ ကျောင်းသားသမဂ္ဂတွေကြားထဲမှာ ဒီထက်ပိုပြီးတော့ ကျစ်လျစ်တဲ့ စုဖွဲ့မှုမျိုးတွေ ချိတ်ဆက် ဆောင်ရွက်မှုမျိုးတွေ လိုတယ်။ အဲဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီထက်ပိုပြီး စုဖွဲ့မှုမျိုးဆီ ဦးတည်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်”ဟု ဆိုသည်။ 

တကသများ-ရန်ကုန် စတင်ဖွဲ့စည်းပြီးနောက် ဗကသများအဖွဲ့ချုပ်မှ သဝဏ်လွှာပေးပို့မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်နှစ်‌မြောက်အခမ်းအနားတွင် ဆက်သွယ်ရေး အခက်အခဲကြောင့် ပေးပို့နိုင်ခြင်းမရှိခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly