တူရကီ၏ ခရီးသွားလုပ်ငန်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိဆုံးရှုံးနိုင်

တူရကီ၏ ခရီးသွားလုပ်ငန်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိဆုံးရှုံးနိုင်

အန်ကာရာ၊ မတ် ၂၂ ။                ။ တူရကီ၏ ခရီးသွားလုပ်ငန်းမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။ ၂၀၁၆သည် ခန့်မှန်းထားသည်ထက် များစွာပိုမိုဆိုးဝါးနေသည်ဟု လုပ်ငန်းအေးဂျင့်များက ပြောသည်။

တူရကီသတင်းစာ ဟာရီယက်တွင် ဖော်ပြထားချက်အရ ရုရှားခရီးသည်များ သိသိသာသာလျော့ကျလာမှု၊ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့် လက်ရှိပြသနာများကြောင့် စိုက်ပျိုးရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများအပေါ်တွင်လည်း ထိခိုက်မှုရှိလာနိုင်သည်ဆိုသည်။ ထို့အပြင် နိုင်ငံတစ်ဝန်းအလုပ်လက်မဲ့ဖြစ်မှုကိုလည်း မြင့်မားစေနိုင်သည်ဟု ဖော်ပြသည်။

ယခုနှစ်တွင် ရုရှားခရီးသည်များ မလာသလောက်နီးပါးရှိသည့်အပြင် မကြာသေးခင်က တူရကီတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဥရောပ အထူးသဖြင့် ဂျာမနီမှ ခရီးသည်လာရောက်မှု သိသိသာသာလျော့ကျမည်ဟု အန်တလီယာကုန်သွယ်ရေးနှင့် စက်မှုအသင်းအကြီးအကဲ ဒါဗပ်စေတင်က ပြောသည်။

မူလခန့်မှန်းချက်က ဆုံးရှုံးနိုင်ခြေမှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံသာဖြစ်သော်လည်း ဥရောပဈေးကွက်မှ ဆုံးရှုံးမှုများကို ပါထည့်တွက်လျင် ဆုံးရှုံးနိုင်ခြေမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိရှိနိုင်ကြောင်း အဆိုပါအသင်း၏ ဒုတိယဥက္ကဋ္ဌ ယူစွပ်ဟာဆစ်ဆူလေမန်က ပြောသည်။

၂၀၁၆တွင် ဥရောပခရီးသည်များ၏ လာရောက်မှုမှာ ထက်ဝက်ကျဆင်းသွားနိုင်သည့် အပြင် အီရန်ခရီးသည်များလည်း လွန်ခဲ့သည့်နှစ်က ၄၅,၀၀၀ ရောက်ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅,၀၀၀မှ အလွန်ဆုံး ၃၀,၀၀၀အထိသာ ရောက်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ယခုနှစ်တွင် ဟိုတယ်များစွာ ပိတ်မည်ဖြစ်၍ အန်တလီယာတစ်မြို့ထဲမှာပင် အလုပ်အကိုင် ၈၀,၀၀၀မှ ၁၀၀,၀၀၀အထိ ဆုံးရှုံးနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required