တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ အပြုအမူနှင့် ပတ်သက်၍ အမေရိကန် အလွန်စိုးရိမ်နေ 

By ANI 
29 March 2023
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ အပြုအမူနှင့် ပတ်သက်၍ အမေရိကန် အလွန်စိုးရိမ်နေ 

တရုတ်၏ အပြုအမူများ အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် ရန်လို အတင့်ရဲလာသော လှုပ်ရှားမှုနှင့် ပတ်သက်၍ အမေရိကန်က အလွန်စိုးရိမ်နေကြောင်း အိမ်ဖြူတော်၏ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားသည်။

"တချို့ကိစ္စတွေမှာ အထူးသဖြင့် တောင်တရုတ်ပင်လယ်မှာ တောင်းဆိုမှုအမှားတွေနဲ့ တရုတ်ရဲ့ အကျပ်ကိုင် ရန်လိုတဲ့ အပြုအမူတွေ၊ ဉာဏပစ္စည်းခိုးယူမှုနဲ့ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်ပါတယ်" ဟု အမေရိကန်နှင့် တရုတ်ဆက်ဆံရေးနှင့် ပတ်သက်ပြီး Fox News သတင်းထောက် ပီတာဒိုစီ၏ မေးမြန်းမှုကို ကာဘီက တုံ့ပြန်ဖြေကြားခဲ့သည်။

တရုတ်က နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာခြင်း ရှိ မရှိ  သမ္မတ ဘိုင်ဒင်၏ ထင်မြင်ယူဆချက်အကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး  ကာဘီက "တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ တခြားနယ်ပယ်တွေ ရှိပါတယ်၊ အဲဒီကဏ္ဍတွေမှာ ပူးပေါင်းချင်ပါတယ်၊ ဒါပေမယ့် အထူးသဖြင့် အခုဖြစ်ပျက်နေသလို ပြဿနာတွေ ပြင်းထန်လာတဲ့အခါ ပြောဆိုဆွေးနွေးဖို့အတွက် ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားဖို့ လိုပါတယ်။” ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။

ယမန်နှစ်က အိန္ဒိယ-တရုတ်နယ်စပ်တိုက်ပွဲတွင် တရုတ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည့် အိန္ဒိယစစ်တပ်ကို အရေးကြီးသည့် ထောက်လှမ်းရေးသတင်းများ ပေးပို့ခဲ့သည်ဟူသော စွပ်စွဲချက်ကို အမေရိကန်က မတ်လ ၂၁ ရက်က ငြင်းဆိုခဲ့သည်။ 
အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးဆိုင်ရာ နိုင်ငံတော်လုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ကာဘီက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငြင်းဆိုခြင်းမရှိသလို အတည်လည်းမပြုခဲ့ဘဲ “ဒီကိစ္စကို အတည်မပြုနိုင်ပါဘူး” ဟု နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ 

အရူနာချားလ်ပြည်နယ်ရှိ တာဝမ်ဒေသကို တရုတ်စစ်တပ်၏ ကျူးကျော်မှုမတိုင်မီ တရုတ်တပ်အနေအထားနှင့် အင်အားကို အမေရိကန်က အချိန်နှင့်တစ်ပြေးညီ အသေးစိတ် အချက်အလက်များကို ပထမဆုံးအကြိမ် သတင်းပေးခဲ့ကြောင်း U.S. News and World Report က ဖော်ပြခဲ့သည်။ 

ယမန်နှစ် ဒီဇင်ဘာလ ၉ ရက်တွင် ရာနှင့်ချီသော အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များသည် အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် တိုက်ခိုက်ရိုက်နှက်မှုများဖြစ်ပွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required