တရုတ်က ဝီဂါများကို အဓမ္မဖမ်းဆီးကာ မိသားစုများနှင့် ခွဲထားကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ ပြောကြား

By RFA
14 March 2023
တရုတ်က ဝီဂါများကို အဓမ္မဖမ်းဆီးကာ မိသားစုများနှင့် ခွဲထားကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ ပြောကြား

တရုတ်အစိုးရက ဝီဂါများအား မတရားဖမ်းဆီးထိန်းသိမ်းကာ ကလေးများကို မိသားစုများနှင့် ခွဲထားကြောင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးက မှတ်တမ်းတင်ထားသည်ဟု ရုံးအကြီးအကဲအသစ်က ဂျီနီဗာမြို့တွင် မတ်လ ၈ ရက်က ပြုလုပ်သောအစည်းအဝေး၌  ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေကိုတင်ပြစဉ် ပြောကြားသည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ အကြီးအကဲအဖြစ် ပြီးခဲ့သည့် စက်တင်ဘာလက စတင်တာဝန်ထမ်းဆောင်ခဲ့သော ဘော်ကာတာ့ခ်က ၎င်း၏ ဌာနသည် ဝီဂါ၊ တိဗက်နှင့် အခြားလူနည်းစုများကို အကာအကွယ်ပေးခြင်း အပါအဝင် တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နောက်ဆက်တွဲ လုပ်ဆောင်ရန် သက်ဆိုင်သူများနှင့်အတူ ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ရှေ့နေများအား မတရားဖမ်းဆီးခြင်းနှင့် ဟောင်ကောင်ရှိ နိုင်ငံတော်လုံခြုံရေးဥပဒေ၏ သက်ရောက်မှုများ အပါအဝင် နိုင်ငံသားကဏ္ဍများအပေါ် ပြင်းထန်သော ကန့်သတ်ချက်များနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း တာ့ခ်က ပြောကြားခဲ့သည်။

ဝီဂါ၊ တိဗက်နှင့် ဟောင်ကောင်လူမျိုးများကို ထိခိုက်စေသည့် ပြင်းထန်သော မူဝါဒများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ကုလသမဂ္ဂနှင့် အနောက်နိုင်ငံအစိုးရများက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သော်လည်း တရုတ်က ဒေါသတကြီး ငြင်းဆိုထားပြီး ၎င်းတို့အပေါ် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဆဲဖြစ်သည်။ 

ဟောင်ကောင်၊ တိဗက်နှင့် ဝီဂါမွတ်စလင် ၁၁ သန်းကျော် နေထိုင်သော ရှင်ကျန်းဒေသတို့မှ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ တရုတ်ကိုယ်စားလှယ် ၄၀ ဦး ကို စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (CESCR) က ၃ ပတ်နီးပါး ကြားနာစစ်ဆေးမှုများ လုပ်ဆောင်ပြီး နောက် တာ့ခ်၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝီဂါယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာနေရာများ ဖျက်ဆီးခံရမှုနှင့် ပြန်လည်ပညာပေးရေးစခန်းများတွင် ဝီဂါအစုလိုက်အပြုံလိုက် အကျဉ်းချခံရမှုဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်ပြီး  တရုတ်ကိုယ်စားလှယ်များက ငြင်းဆိုခဲ့ကာ ဝီဂါတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးထားကြောင်း တုံ့ပြန်ခဲ့သည်။

တရုတ်၏တုံ့ပြန်မှုများသည် လူ့အခွင့်အရေးအဖွဲ့အများအပြားက ကော်မတီသို့တင်သွင်းသည့် အထောက်အထားများနှင့်ကွဲလွဲနေသလို ရှင်ကျန်းရှိ ဝီဂါများနှင့် အခြားသော တာကစ်လူနည်းစုများကို တရုတ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းမှုသည် လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်သည်ဟူသော ကုလသမဂ္ဂ အခွင့်အရေးအကြီးအကဲဟောင်း မစ်ချဲလ် ဘက်ချလက်၏ ယမန်နှစ် သြဂုတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာပါ အချက်အလက်များနှင့်လည်း ကိုက်ညီမှုမရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required