တရုတ်၏ ကြီးထွားလာသော အရှိန်အဝါက ကမ္ဘာ့လူ့အခွင့်အရေးများ ဆုတ်ယုတ်ကျဆင်းစေရန် ခြိမ်းခြောက်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်၌ ဖော်ပြ

By CNBC 
05 April 2023
တရုတ်၏ ကြီးထွားလာသော အရှိန်အဝါက ကမ္ဘာ့လူ့အခွင့်အရေးများ ဆုတ်ယုတ်ကျဆင်းစေရန် ခြိမ်းခြောက်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်၌ ဖော်ပြ

တရုတ်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုသည် နိုင်ငံတကာလူ့အခွင့်အရေးများအတွက် စိုးရိမ်ရသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံများအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  (UNHRC) မှာလည်း အန္တရာယ်များကို တုံ့ပြန်ရန် ပျက်ကွက်နေကြောင်း အစီရင်ခံစာအသစ်တစ်ရပ်၌ ဖော်ပြထားသည်။  

UNHRC သည် ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေး အားကောင်းလာစေရန် ရည်ရွယ်လျက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစိုးရများအကြား ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ကောင်စီဝင်များကို ၃ နှစ်တစ်ကြိမ် အလှည့်ကျ ရွေးချယ်တင်မြှောက်သည်။

သို့သော် တရုတ်နှင့် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ၏ လုပ်ဆောင်ချက်ကို သေးသိမ်အောင်လုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် လူ့အခွင့်အရေးစံနှုန်းများကို ရှေ့တန်းတင်နေကြသောကြောင့်  လူ့အခွင့်အရေးကောင်စီသည် အပြိုင်အဆိုင်စံနှုန်းများအတွက် စစ်မြေပြင်တစ်ခုကဲ့သို့ဖြစ်လာကြောင်း  ဘေးအန္တရာယ်နှင့် မဟာဗျူဟာဆိုင်ရာအကြံပေးကုမ္ပဏီ Verisk Maplecroft က မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သည့် သုတေသနပြုချက်တွင် ဖော်ပြထားသည်။ 

အထူးသဖြင့် တရုတ်သည် လူ့အခွင့်အရေးအမြင်နှင့်ပတ်သက်ပြီး ကိန်းဂဏန်းအရဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရန် ကောင်စီအဖွဲ့အဝင်များကို တိုက်တွန်းနေပြီး တခြားအခွင့်အရေးများအားလုံးထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးခြင်းဖြင့် တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များကို လျော့ပါးအောင်ပြုလုပ်နေကြောင်းလည်း သုတေသနတွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီယိုယွင်းလုနီးပါးကာလတွင် တရုတ်က  နိုင်ငံတကာလူ့အခွင့်အရေးစနစ်အတွင်း တက်တက်ကြွကြွ ပါဝင်လာခြင်းဖြစ်သည်။

ယခုသုတေသနသည် Verisk Maplecroft အတိုင်ပင်ခံကုမ္ပဏီ၏ နှစ်စဉ်ထုတ်ပြန်နေကျ လူ့အခွင့်အရေးအလားအလာ ဟူသောအစီရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့်  Verisk Maplecroft ၏ ခွဲခြမ်းစိတ်ဖြာမှုများအပါအဝင် ရင်းမြစ်များစွာမှ ရနိုင်သမျှအချက်အလက်များပေါ် အခြေခံထားသည်။

တရုတ်သည် ၎င်း၏လွှမ်းမိုးမှုခံနေရသော ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းလက်ခံရာနိုင်ငံများနှင့်အတူ ကောင်စီမဲများကို ရရှိရန် စီးပွားရေးအင်အားကို အသုံးချနေကြောင်းလည်း တွေ့ရှိရသည်ဟု အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် တရုတ်၏ ကမ္ဘာ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (BRI) တွင် ၃၅ နိုင်ငံထက်မနည်းပါဝင်ပြီး အများစုမှာ အာရှနှင့် အာဖရိကနိုင်ငံများဖြစ်ကာ Verisk Maplecroft ၏ လူ့အခွင့်အရေးညွှန်းကိန်းအရ ၎င်းနိုင်ငံများသည် တူညီသော သို့မဟုတ် ပိုဆိုးရွားသော ရမှတ်များရှိကြကြောင်း သုတေသန၌ ဖော်ပြထားသည်။  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ယာယီပြောရေးဆိုခွင့်ရှိသူ ပါစကယ်ဆင်းမ်က မည်သည့်နိုင်ငံကမျှ ကောင်စီကို စီမံခန့်ခွဲခြင်း သို့မဟုတ် အစီအစဉ်များကို လွှမ်းမိုးချုပ်ကိုင်ထားခြင်း မရှိကြောင်း ပြောကြားထားသည်။

တရုတ်သည် ဝေဖန်မှုများကို ထိန်းချုပ်နိုင်ရန် အဓိကကျသော UNHRC ယန္တရားများအတွက် ဆန်းပြားရှုပ်ထွေးသော အစီအစဉ်များဖြင့် လှုပ်ရှားဆောင်ရွက်နေကာ နိုင်ငံများစွာကလည်း တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းများ ဖုံးဖိရေးတွင် ပိုမိုပါဝင်လာကြကြောင်း တွေ့ရှိရသည်ဟု သုတေသနကဖော်ပြသည်။

ကုလသမဂ္ဂတွင် ယမန်နှစ် အောက်တိုဘာလက ရှင်ကျန်းအရေးဆွေးနွေးရန် အမေရိကန်၏ အဆိုပြုချက်မူကြမ်းမှာ ငြင်းပယ်ခံခဲ့ရကာ အင်ဒိုနီးရှား၊ ယူအေအီးနှင့် ကာတာအပါအဝင် မွတ်စလင်အများစုရှိသောနိုင်ငံများနှင့် BRI စီမံကိန်းတွင်လက်မှတ်ထိုးထားသောနိုင်ငံများကလည်း  ကန့်ကွက်ခဲ့ကြသဖြင့် တရုတ်အတွက် အံ့အားသင့်ဖွယ် သံတမန်ရေးအောင်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မွတ်စလင်လူနည်းစုအသိုက်အဝန်းမှ ဝီဂါများအပေါ် တရုတ်က ညှင်းပန်းနှိပ်စက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။  ထို့ပြင် တရုတ်သည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်းလည်း အမေရိကန်က စွပ်စွဲခဲ့သည်။ တရုတ်က မည်သို့သော ချိုးဖောက်မှုမျိုးကိုမဆို မလုပ်ဆောင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများသည် နိုင်ငံလုံခြုံရေးအပေါ် တရုတ်နည်းပညာ၏ ခြိမ်းခြောက်မှုများမှသည် ရုရှားနှင့်တရုတ်တို့ မဟာမိတ်ဖွဲ့မှုအထိ စိုးရိမ်လာကြပြီး တရုတ်အပေါ် အနောက်နိုင်ငံများ၏ သံသယစိတ်များ မြင့်တက်လာချိန်တွင် ယခုသုတေသနတွေ့ရှိချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်းက စီးပွားရေးအကျပ်ဆိုက်နေသော နိုင်ငံများသို့ ချေးငွေအကူအညီများ သိသိသာသာ တိုးမြှင့်ပေးခဲ့ပြီး လွန်ခဲ့သော ၅ နှစ်အတွင်း BRI စီမံကိန်းတွင်ပါဝင်သော အကြွေးတင်နေသည့် နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံ ထုတ်ချေးခဲ့သည်။

နိုင်ငံများသည် ပြီးခဲ့သောနှစ်က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လွတ်လပ်ခွင့်များ ဖိနှိပ်ခံရမှု၊ စီးပွားရေးအကျပ်အတည်းများနှင့် တန်းတူအခွင့်အရေး မရရှိမှုများကို ကြုံတွေ့ရကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မတ်လ ၂၇ ရက်ထုတ် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ဟူသော နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required