ဝီဂါအမျိုးသမီးများ တရုတ်၏ အကွက်ကျကျ ထိန်းချုပ်မှုအောက်တွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရ 

By ANI
20 March 2023
ဝီဂါအမျိုးသမီးများ တရုတ်၏ အကွက်ကျကျ ထိန်းချုပ်မှုအောက်တွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရ 

တရုတ်နိုင်ငံရှိ ဝီဂါအမျိုးသမီးများသည် မိခင်ဘာသာစကားပြောခွင့် တားမြစ်ခံရခြင်း၊ မိမိစိတ်တိုင်းကျသူနှင့် လက်ထပ်ခွင့်မရခြင်းနှင့် တရုတ်ထိန်းသိမ်းရေးစခန်းများသို့ပင် ပို့ဆောင်ခံရခြင်း စသည့် အကွက်ချ ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဝီဂါသတင်းထောက်တစ်ဦး၏ ရေးသားချက်ကို ကိုးကား၍ အမေရိကန်ငြိမ်းချမ်းရေးဌာနက ဖော်ပြထားသည်။

ဝီဂါဂျာနယ်လစ် ဂူချီဟရာ ဟိုဂျာသည် တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ ဝီဂါအမျိုးသမီးများအတွက် လူ့အခွင့်အရေး အခြေအနေများကို ထုတ်ဖော်ပြောကြားခဲ့သည်။

"အမျိုးသမီးတွေ ဖွင့်လို့မရတဲ့ တံခါးမရှိဘူးလို့ ကျွန်မတို့ ပြောနေတာပဲ။ ဒါပေမယ့် ဒီနေ့ခေတ် ဝီဂါ အမျိုးသမီးတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်တွေကို စွန့်လွှတ်နေရတယ်” ဟု  သတင်းထောက် ဟိုဂျာက ပြောသည်။

မိမိတို့၏ မိခင်ဘာသာစကားကို ပြောဆိုဖို့  ‌ရွေးချယ်ခွင့်မရှိသလို သူတို့ စိတ်တိုင်းကျသူနဲ့လည်း လက်ထပ်ခွင့်မရ ဖြစ်နေပါတယ်။ ဝီဂါကလေးတွေဟာလည်း ကွန်မြူနစ်ပါတီရဲ့  တရုတ်ဇာတ်သွင်းပေါင်းစည်းတဲ့ အစီအစဉ်တွေကြောင့် မိသားစုဝင်တွေနဲ့ ခွဲခွါနေကြရပါတယ်” ဟု ဟိုဂျာက ဆိုသည်။

“ကျမရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တော်တော်များများဟာ တရုတ်ချွေးတပ်စခန်းတွေဆီ အပို့ခံရပါတယ်။ ဒါပေမယ့် ကျမမိဘတွေနဲ့ အစ်ကိုအပါအဝင် မိသားစုဝင် ၂၄ ဦးဟာ တစ်ညတည်းမှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်” ဟု သူမက ဆက်ပြောသည်။

အမျိုးသမီးအသိုင်းအဝိုင်းသည် စိတ်ဓာတ်ခိုင်မာပြီး လိုအပ်ပါက စွန့်လွှတ်အနစ်နာခံရန် အဆင်သင့်ဖြစ်နေသော ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသောကြောင့် ထိုအာဏာရှင်နိုင်ငံများက  အမျိုးသမီးများသည် ၎င်းတို့အား ခြိမ်းခြောက်နေသည်ဟု ခံစားနေရကြောင်း ဟိုဂျာက ဆိုသည်။ 

အလွတ်သဘော စုံစမ်းစစ်ဆေးခွင့်ရရန်နှင့် ဝီဂါဒေသသို့ နိုင်ငံခြားသတင်းထောက်များ သွားခွင့်ရရန် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံအား တောင်းဆိုရမည်ဟု ဟိုဂျာက ပြောသည်။

“ကျွန်မတို့တွေက CCP ရဲ့ အုပ်ချုပ်မှုအောက်မှာ ပျော်ရွင်သာယာမှုမရှိတဲ့ အမျိုးသမီးတွေ ဖြစ်နေတယ်ဆိုတာကို အသိပညာ ပေးစေချင်ပါတယ်။ အမျိုးသမီးတွေကို ထုတ်ဖော်ပြောဆိုဖို့ လူမှုပလက်ဖောင်းတွေနဲ့ အခွင့်အလမ်းတွေပေးပြီး ပိုမိုအားပေးစေချင်ပါတယ်။ ကိုယ့်လူမျိုးကိုယ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအသာထား ၊ ကျွန်မဘဝမှာ လူမျိုးတုံးသတ်ဖြတ်မှုကို မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိပါဘူး။ ဒါဟာ လူသားတွေအတွက် ကြေကွဲစရာပါ” ဟု သတင်းထောက်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly