ရေတာရှည်မြို့နယ်တွင် PDF များထံပို့မည့် လက်နက်ခဲယမ်းများသိမ်းဆည်းခံရ

By ရွှေနွယ် (မဇ္ဈိမ)
07 March 2023
ရေတာရှည်မြို့နယ်တွင် PDF များထံပို့မည့် လက်နက်ခဲယမ်းများသိမ်းဆည်းခံရ

မဇ္ဈိမ။      ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီး၌ မတ်လ ၃ ရက်နေ့က  လက်နက်ခဲယမ်းများသယ်ဆောင်လာသော ကားတစ်စီး ဖမ်းဆီးခံလိုက်ရကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ခံထံမှ သိရသည်။

“ရေတာရှည်မြို့နယ်ထဲမှာ ဒီလိုဖြစ်သွားတယ်ဆိုတာ ဟုတ်ပါတယ်”  ဟု တောင်ငူခရိုင် ပ.က.ဖ တာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါကားနှင့်အတူ ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များမှာ မကွေးတိုင်းအတွင်းက ဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့အထဲတွင် ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်​း မြို့နယ်မှ တပ်ဖွဲ့ဝင်တစ်ဦးပါဝင်သည်ဟု  သာယာဝတီအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကနဦးကြားသိထားရသည့် အခြေအနေကို ပြောသည်။

လက်နက်များတင်ဆောင်လာသော  Mark - 2 Crown အမျိုးအစားယာဉ်သည် ကရင်ချောင်းတံတားမှတစ်ဆင့် ရေတာရှည်မြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး အဆိုပါကားတွင် လက်နက်များတင်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည့်အတွက် စမ်းကြီးကျေးရွာအနီးတွင် မတ်လ 
၃ ရက်နေ့ ညနေ ၅ နာရီခန့်က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒီဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

ထိုလက်နက်ခဲယမ်းများသည် PDF များထံသို့ ပို့မည့်ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ပြောဆိုထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ အဆိုပါယာဉ်အားမောင်းနှင်လာသူ ကရင်ချောင်းကျေးရွာနေ ဗောဓိကုန်းကျောင်းတိုက်မှ ဦးပဏ္ဍိတ (ခေါ်) ဦးဝင်းကြိုင် အသက် ၄၄ နှစ် အပါအဝင် ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

"ရေတာရှည်မြို့နယ်ထဲမှာ လက်နက်တွေဖမ်းခံလိုက်ရတယ်ဆိုတာဟုတ်တယ်၊ ရေတာရှည်က အဖွဲ့တွေတော့ မဟုတ်ဘူးဗျ၊ အထက်ဘက်ကိုသွားမှာကို ရေတာရှည်ကနေ ဖြတ်အသွားမှာ အဖမ်းခံလိုက်ရတာလို့ သိထားပါတယ်၊ လမ်းကြောင်းသိပ်မရှင်းတာကို သွားလိုက်တာထင်ပါတယ်" ဟု 
ရေတာရှည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်ပြီး ကားပေါ်တွင်ပါလာသူများအပြင် လမ်းကြောင်းရှင်း၊ မရှင်းကြည့်ပေးရန် ရှေ့မှ ရှေ့ပြေးအဖြစ်သွားသူ နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာက ဆိုထားသည်။

ဖမ်းဆီးခံရသူများသည် မည်သူများဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့က ဖြစ်သည်ကို ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသော လက်နက်ပစ္စည်းများမှာ MK-12 သေနတ် သုံးလက်၊ FGC-9 သေနတ် ကိုး လက်၊ ပွိုင့် ၃၀၃ ရိုင်ဖယ် တစ်လက်၊ ၅.၅၆ 
လက်လုပ်ရိုင်ဖယ် လေးလက်၊ ၅.၅၆ မမကျည် ၁၀၄၅ တောင့် ၊ ၇.၆၂ မမကျည် ၁၇၆တောင့်၊ ၁၂ ဗို့ကျည် ၂၃၄တောင့်၊ ၉ မမကျည် ၂၁၉ တောင့်၊ လက်လုပ်မိုင်း လေးလုံး၊ လက်ပစ်ဗုံး ခုနှစ် လုံး၊ ပုလင်းမိုင်း လေးလုံး၊ ယမ်းပျော့ ၁၅ထုပ်၊ ဖျူးစ် ၁၂ ချောင်း၊ စနက်တံ ၁၀၀ ခု၊ MK-12 ကျည်အိမ် ကိုး  ခု၊ FGC-9 ကျည်အိမ် ကိုး ခု၊ M -16 ကျည်အိမ် သုံး ခု၊ ၅.၅၆ လက်လုပ်ကျည်အိမ် ကိုး ခု၊ စနိုက်ပါမှန်ပြောင်း နှစ်ခုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်ဟု ဆိုသည်။

ရေတာရှည်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required