မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ သေနတ်ဖြင့် ၃ ချက်ပစ်ခံရ

By မင်းထက်
24 February 2023
မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ သေနတ်ဖြင့် ၃ ချက်ပစ်ခံရ

မဇ္စျိမ ။   ။ ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်က မဘသ ဥက္ကဋ္ဌ၊ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဦးကျော်တင့်ဦးသည် အမှတ် (၁၀) ရပ်ကွက် Happy လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်မောင်း ၊ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာပြီး သေနတ်နဲ့ သုံးချက် ပစ်သွားတာ၊ သုံး ချက်လုံး ကျော်တင့်ဦးကိုထိတယ်။ သေဖို့တော့များတယ်၊ အပစ်ခံရပြီး ချက်ချင်း ရန်ကုန်ဆေးရုံကို ခေါ်သွားကြပြီ၊ ပစ်တဲ့လူတွေကတော့ ထွက်ပြေးသွားကြတယ်"ဟု ဆိုသည်။

ဦးကျော်တင့်ဦးသည်  ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့၏ မဘသ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၎င်း၏ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိကြောင်း ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ယခုပစ်ခတ်ခံရသည့် ဦးကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထိုပစ်ခတ်မှုတွင် ဦးကျော်တင့်ဦး၏ လက်မောင်းအား ကျည်ထိမှန်ခဲ့ပြီး ဆေးရုံတက်ခဲ့ရသည်ဟု ဒေသခံကပြောသည်။

"ပထမ တစ်ခါလည်းအပစ်ခံရပြီးပြီ၊ မမှတ်ဘူး၊ ဒလန်လုပ်လိုက်၊ပြည်သူ့စစ်လုပ်လိုက် ပြန်လုပ်နေလို့ ထပ်ပစ်သွားတာထင်တယ်"ဟုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်နေ ဒေသခံပြည်သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများကပြောသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly