လှိုင် PDF အမည်ခံအဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

By ဂန္ဒမာ
14 February 2023
လှိုင် PDF အမည်ခံအဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လေးခု၌ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်သူများဟုစွပ်စွဲပြီး အမျိုးသားခုနစ်ဦးအား လွန်ခဲ့သည့်ရက်သတ္တပတ်ကဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှထုတ်ပြန်ထား သည်။

ဖမ်းဆီးခံရသူများမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့သော လှိုင်မြို့နယ်၊(၂)ရပ်ကွက်၊ ဘုရင့်နောင် လမ်း၊ ရတနာမွန်အိမ်ယာ၏ တိုက်တစ်တိုက်အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားရာမှ သေဆုံးခဲ့ရသော ရွှေဝါဆပ် ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး(စစ်မှုထမ်းဟောင်းငြိမ်း)အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဖြစ်စဉ် နှင့် ဆက်စပ်သူများဖြစ်ကြောင်း စစ်ကောင်စီဘက်မှစွပ်စွဲထားသည်။

၎င်းဖြစ်စဉ်မှ ဦးတင်စိုး(ခ)ဘိုးတော်အား ဖေဖော်ဝါရီလ ၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမပေါ်၌လည်းကောင်း၊ ဦးအေးသိန်းအား ထိုနေ့ညနေပိုင်းတွင် ရွှေဝါစက်ရုံဝန်း အတွင်း၌ပင်လည်းကောင်း၊ ဦးချစ်ကိုအား ညပိုင်းတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ခေမာလမ်း ရှိ တိုက်တစ်တိုက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဖမ်းဆီးရမိသူတို့၏ ထွက်ဆိုချက်များအရ လှိုင် PDF အမည်ခံအဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီး ၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်းတို့လေးဦးအား ဖေဖော်ဝါရီ လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် အသီးသီးဖမ်းမိခဲ့ကြောင်း ဆိုသည်။

လှိုင် PDF အဖွဲ့အမှန်တကယ် ရှိ မရှိနှင့် ယခုဖမ်းဆီးခံထားရသူများထဲတွင် လှိုင် PDF ရဲဘော်များပါဝင် ခြင်း ရှိ မရှိ ထပ်မံစုံစမ်းရာ“ ဒီထဲမှာတော့ ကျွန်တော်သိတဲ့သူမပါဘူး။ Hlaing PDF ဆိုတာရှိတယ်။ ကိုယ် ပိုင်နာမည်နဲ့ ထထပြီးထောင်တဲ့ PDF အဖွဲ့တွေပေါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တရားခံများ၏ထွက်ဆိုချက်ဟုဆိုကာ လှိုင် PDF အမည်ခံအဖွဲ့အား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေဖြိုးဟန်နှင့် ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ) ဘိုဘားတို့ခေါင်းဆောင်၍ ၁၂ ယောက်ပါဝင်သော လှိုင် PDF အဖွဲ့အား ဖွဲ့စည်းခဲ့သည်ကို ဖော်ထုတ်သိရှိရ ကြောင်းထုတ်ပြန်ကာ ခေါင်းဆောင်နှစ်ဦးအား ဖမ်းဆီးရန်ကျန်တရားခံများအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required