သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန်လေတပ်က ပစ်ချ

သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန်လေတပ်က ပစ်ချ

ဖေဖော်ဝါရီလ ၅ ရက်

အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်တွင် သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်စစ်တပ် တိုက်လေယာဉ်တစ်စင်းက ဖေဖေါ်ဝါရီ ၄ ရက်တွင် ပစ်ချခဲ့သည်။ အဆိုပါ တရုတ် မိုးပျံပူဖောင်းသည် ပြီးခဲ့သည့် အပတ်က အမေရိကန်လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ယင်းသည် အမေရိကန်နှင့် တရုတ် အကြား ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေခဲ့သည့် သူလျှိုထောက်လှမ်းမှု ဇာတ်လမ်းတစ်ပုဒ်ကို ဖြစ်စေခဲ့သည်။

ထိုမိုးပျံပူဖောင်းကြီးကို ပစ်ချရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်ကတည်းက ညွှန်ကြားထားခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ သို့သော် ကော်မာရှယ် လေယာဉ်ပျံသန်းမှုများ၏ အထက် ပေ (မီတာ) ပေါင်း ထောင်ချီမှ မြေပေါ်သို့ အပျက်အစီးများ ကျလာခြင်းမှ အရပ်သားပြည်သူများကို ဘေးကင်းနိုင်စေရေး ကာကွယ်ရန်အလို့ငှာ မိုးပျံပူဖောင်း ပစ်ချခြင်းကို ဟင်းလင်းပွင့် ရေပြင်၏ အထက်၌ လုပ်ဆောင်နိုင်သည်အထိ စောင့်ရန် ပင်တဂွန်က အကြံပြုခဲ့သည်။

“သူတို့ အောင်အောင်မြင်မြင်နဲ့ ဒါကို ပစ်ချနိုင်ခဲ့တယ်။ ဒါကို လုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေသူရဲတွေကို ချီးကျူးချင်ပါတယ်” ဟု ဘိုင်ဒင်က ပြောသည်။

မစ်ရှင်တွင် တိုက်လေယာဉ် အများအပြားနှင့် ဆီဖြည့်လေယာဉ်တို့ ပါဝင်ခဲ့သော်လည်း ဗာဂျီးနီးယားပြည်နယ် လန်ဂ်လေး လေတပ်အခြေစိုက်စခန်းမှ လာသော F22 တိုက်လေယာဉ်တစ်စင်းက အသံထက်မြန်သော AIM-9X ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်းဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၉ မိနစ်တွင် တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့ကြောင်း အမေရိကန် အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ချမှုကို တရုတ်က အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းသည် မိုးလေဝသနှင့် အခြားသော သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုသည့် လေသင်္ဘောတစ်စင်းသာ ဖြစ်ကြောင်းနှင့် ယင်းက အမေရိကန် လေပိုင်နက်ထဲသို့ “လုံးလုံးလျားလျား မတော်တဆ” လမ်းမှားဝင်ရောက်သွားခဲ့ခြင်းသာ ဖြစ်ကြောင်း တရုတ်က ပြောသည်။ အဆိုပါ တရုတ်၏ ပြောကြားချက်များကို အမေရိကန်အရာရှိများက ပြတ်ပြတ်သားသား ပယ်ချသည်။

“ဒါနဲ့ပတ်သက်လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ဖို့ တရုတ်ဘက်က အမေရိကန်ကို ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ “အမေရိကန်ဟာ လိုတာထက်ပိုပြီး အင်အားသုံးမယ်ဆိုပြီး အခိုင်အမာ ဆိုခဲ့တယ်”

တရုတ် မိုးပျံပူဖောင်းကို အတ္တလန္တိတ် သမုဒ္ဒရာ၏ အမေရိကန် ကမ်းရိုးတန်းအလွန် ရေမိုင် ခြောက်မိုင် ခန့်တွင် ပစ်ချခဲ့ခြင်း ဖြစ်ပြီး အတော်အတန် တိမ်သော ရေပြင်အထက်တွင် ပစ်ချခဲ့သည့်အတွက် လာမည့် ရက်များတွင် တရုတ် ထောက်လှမ်းရေးပစ္စည်းများ၏ အစိတ်အပိုင်းများကို ပြန်ရှာမည့် ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေဖွယ် ရှိကြောင်း အမေရိကန်အရာရှိများက ပြောသည်။

အပျက်အစီးများ ရှိသည့် ဧရိယာသည် သမုဒ္ဒရာ၏ ခုနှစ်မိုင် (၁၁ ကီလိုမီတာ) ကျော်အထိ ပျံ့နေခဲ့ပြီး အမေရိကန်စစ်သင်္ဘောများ ထိုနေရာသို့ ရောက်နေကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောသည်။

ထုတ်ဖော်ဖွင့်ဟခြင်း မရှိသော “အမျိုးသားလုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှု” တစ်ခု ကြောင့် တောင်ကာရိုလိုင်းနားရှိ ဝယ်လ်မင်တန်၊ မိုင်တယ် ဘိချ် နှင့် ချာလက်ဆန်တို့ရှိ လေဆိပ်သုံးခုတွင် လေယာဉ်ခရီးစဉ်များ ဝင်ထွက်ပျံသန်းမှု ရပ်ဆိုင်းထားရန် အမေရိကန်အစိုးရက ညွှန်ကြားပြီးနောက် မကြာမီ မိုးပျံပူဖောင်း ပစ်ချမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ခရီးစဉ်များကို ဖေဖေါ်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ပြန်လည် ပြေးဆွဲခဲ့သည်။

ဖေဖေါ်ဝါရီ ၄ ရက် မိုးပျံပူဖောင်း ပစ်ချမှုက သူလျှိုထောက်လှမ်းမှု ဇာတ်လမ်းဆိုင်ရာ စစ်ရေး ရှုထောင့်ကို အဆုံးသတ်စေခဲ့သော်လည်း သမ္မတ ဘိုင်ဒင်အနေဖြင့် ကွန်ဂရက်တွင် ရီပတ်ဘလစ်ကန် အတိုက်အခံများ၏ တင်းကျပ်သော နိုင်ငံရေးဆိုင်ရာ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ရင်ဆိုင်ရဖွယ် ရှိသည်။ ဘိုင်ဒင်သည် ယခုကိစ္စကို မြန်မြန်ဆန်ဆန် ကိုင်တွယ်အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း ရီပတ်ဘလစ်ကန် အတိုက်အခံများက ပြောကြသည်။

မိုးပျံပူဖောင်းကို ပစ်ချပြီးနောက် အမေရိကန်အစိုးရသည် ယခု ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး တရုတ်နှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များ၊ ပါတနာများကို အကျဉ်းရုံးရှင်းပြခဲ့ကြောင်း ၎င်းအရာရှိက ပြောသည်။

မိုးပျံပူဖောင်း အမေရိကန် ပိုင်နက်ထဲ ဝင်ရောက်ဖြတ်ကျော်စဉ်အတွင်း တရုတ်တို့ သတင်းအချက်အလက် မည်မျှ စုဆောင်းရရှိနိုင်ခဲ့သလဲ ဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းများ ရှိနေဆဲဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required