ပါကစ္စတန်တစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အထည်အလိပ်ကဏ္ဍ အကြီးအကျယ် အရှုံးပြ

By ANI
02 February 2023
ပါကစ္စတန်တစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အထည်အလိပ်ကဏ္ဍ အကြီးအကျယ် အရှုံးပြ

ပါကစ္စတန် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့်   အထည်အလိပ်ကဏ္ဍတွင်  အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဇန်နဝါရီ ၂၄ က  ARY သတင်းတွင် ဖော်ပြသည်။

နိုင်ငံတော်ဓာတ်အားလိုင်းမှ ပြည်နယ် ၃ ခုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်သွားခြင်းကြောင့် ပါကစ္စတန်တစ်ဝန်းရှိ စက်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဆုံးရှုံးမှုသည် ရူပီး ဘီလီယံပေါင်းများစွာရှိနိုင်ကြောင်း ပါကစ္စတန် အထည်ချုပ်စက်ရုံများအသင်း (APTMA) မှ အကြီးတန်းအရာရှိ အာရှက်ခန်းက ပြောကြားခဲ့သည်။ အစိုးရသည် လျှပ်စစ်ဓာတ်အား ပေးဝေမှုအတွက် ယုံကြည်စိတ်ချရလောက်အောင် အာမခံချက်မပေးနိုင်ပါက အထည်အလိပ်လုပ်ငန်းအတွက် စီးပွားရေးထိခိုက်မှု ရူပီး ဘီလီယံနှင့်ချီ ရှိလာမည်ဖြစ်ကြောင်း ARY သတင်းတွင် ဖော်ပြထားသည်။

ကရာချိ၊ လာဟိုး၊ ကတ်တာနှင့် အစ္စလာမာဘတ် အပါအဝင် မြို့အများအပြားတွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီ ၃၄ မိနစ်ခန့်က လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း Geo News က ဖော်ပြခဲ့သည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူများ အဆင်မပြေမှုအပေါ် ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်က ဇန်နဝါရီ ၂၄ ရက်တွင် တောင်းပန်ခဲ့သည်။

ဓာတ်အားပြတ်တောက်ရသည့် အကြောင်းရင်းများကို စစ်‌ဆေးရန်နှင့် အမြန်ဆုံး ပြန်လည် ပြင်ဆင်ရန်လည်း ညွှန်ကြားထားသည်။

"လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူတွေ အဆင်မပြေဖြစ်တဲ့အပေါ် အစိုးရအဖွဲ့ကိုယ်စား တောင်းပန်ပါတယ်။ ဓာတ်အားပြတ်တောက်ရသည့် အကြောင်းရင်းကို သိရှိဖို့လည်း စုံစမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှဘက်ရှရစ်ဖ်က တွစ်တာတွင် ရေးသားခဲ့သည်။

အထူးသဖြင့် မြို့တော်အစ္စလာမာဘတ်တွင် အပူချိန် ၄ ဒီဂရီစင်တီဂရိတ်နှင့် ကရာချိတွင် ၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနေချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ၁၆ နာရီကျော် ကြာမြင့်ခဲ့ကြောင်း Geo TV က ထုတ်လွှင့်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required