“သမ္မတရွေးချယ်ပွဲ၊ မထင်တာတွေ ဖြစ်လာနိုင်သေးလား”

“သမ္မတရွေးချယ်ပွဲ၊ မထင်တာတွေ ဖြစ်လာနိုင်သေးလား”

ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့အသီးသီးမှာ ဒုသမ္မတ ရွေးချယ်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ အခုနောက်ဆုံး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ သမ္မတ ရွေးချယ်ရေး အဖွဲ့ကနေ သမ္မတတစ်ယောက်ကို မဲပေးရွေးချယ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒီအ ဆင့် ပြီးသွားရင်တော့ သမ္မတနဲ့ ဒုသမ္မတ နှစ်ယောက် ပေါ်ပေါက်လာမှာဖြစ်ပြီး အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ပုံသဏ္ဍာန်လည်း ပေါ်လာမှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်အတွင်း အမတ်နေရာ ရရှိထားမှုအရ အင်န်အယ်လ်ဒီက နာမည်စာရင်း တင်သွင်းတဲ့ ဦးထင်ကျော်က သမ္မတ ဖြစ်လာမှာဖြစ်ပြီး တပ်မတော်က တင်သွင်းတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ အငြိမ်းစား ဒုဗိုလ် ချုပ်ကြီး ဦးမြင့်ဆွေ၊ အင်န်အယ်လ်ဒီက တင်သွင်းတဲ့ ဦးဟင်နရီဗန်ထီးယူတို့ ဒုသမ္မတတွေ ဖြစ်လာ ကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမဟုတ်ပဲ အများက ထင်မှတ်မထားတဲ့ အခြား ပြဿနာတွေ ရှိလာနိုင်ဦးမလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခုဆိုရင် ဥပဒေ နည်းဥပဒေတွေအရ ဒုသမ္မတ သုံးယောက် ရွေးချယ် ပြီးစီးခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သမ္မတ ဒုသမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ အဲဒီ သုံးယောက်ဟာ သမ္မတအရည်အချင်းနဲ့ ကိုက်ညီမညီ သမ္မတလောင်း စိစစ်ရေးချယ်ရေး အဖွဲ့က စိစစ်ပါလိမ့်မယ်။ အဲဒီ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ အမျိုးသား လွှတ်တော် ရွေးကောက်ခံ အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ်တစ်ယောက် စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ စိစစ် ရေးအဖွဲ့ (၇) ယောက်မှာ (၆) ယောက်ဟာ အင်န်အယ်လ်ဒီပါတီက ဖြစ်ပါတယ်။

စိစစ်ရေးအဖွဲ့ဟာ ဒုသမ္မတတွေရဲ့ အချက်အလက်တွေကို သိနိုင်ဖို့ ဌာနဆိုင်ရာတွေဆီကနေ လည်း တောင်းယူနိုင်ပါတယ်။ ကာယကံရှင် ဒုသမ္မတတွေဆီကလည်း တောင်းယူနိုင်ပါတယ်။ လက်ရှိ အခြေအနေအရတော့ ဒုသမ္မတ (၃) ယောက်စလုံး သမ္မတလောင်း အရည်အချင်း ပြည့်မီမယ့်သဘော ရှိနေပါတယ်။ မတော်တဆ ဒုသမ္မတ တစ်ယောက်ယောက်ကို အရည်အချင်း မပြည့်မီဘူးလို့ စစ်ဆေး တွေ့ရှိခဲ့ရင်တောင် သိပ်ပြဿနာ မရှိလှပါဘူး။ သက်ဆိုင်ရာ အစုအဖွဲ့မှာ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်ရွေးချယ်ရမှာဖြစ်လို့ အင်န်အယ်လ်ဒီရဲ့ ဒုသမ္မတ ပြဿနာပေါ်လည်း အင်န်အယ်လ်ဒီကပဲ အခြား တစ်ယောက်ယောက် ပြန်တင်မြှောက်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဘာပြဿနာမှ မပေါ်နိုင်ဘူးဆိုတဲ့ သဘောပါ။

ဒုသမ္မတ သုံးယောက်ထဲကနေ သမ္မတတစ်ယောက်ကို ရွေးချယ်ပုံကတော့ လျှို့ဝှက် မဲပေး စနစ်နဲ့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီနဲ့ တပ်မတော် အစုအဖွဲ့ ဘယ်နည်းဘယ်ပုံ မဲပေးမလဲဆိုတဲ့အပေါ် မူတည်ပြီး သမ္မတနဲ့ ဒုသမ္မတနေရာမှာ မထင်မှတ်ထားတွေ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဒုသမ္မတနှစ်ယောက်မှာ သမ္မတပြီးရင် မဲအများဆုံး ရတဲ့ ဒုသမ္မတနဲ့ မဲအနည်းဆုံးရတဲ့ ဒုသမ္မတ ကွာခြားမှု ရှိပါတယ်။ အကြောင်းကတော့ သမ္မတအနေနဲ့ ပြဿနာ တစ်စုံတစ်ခုတက်ရင်၊ နှုတ်ထွက်ရင် အဲဒီ မဲ ဒုတိယ အများဆုံးရထားတဲ့ ဒုသမ္မတက ကာလ တစ်ခု ယာယီသမ္မတအဖြစ် တာဝန်ယူခွင့်ရမှာ ဖြစ်လို့ပါပဲ။ အဲဒီ အချက်တစ်ချက်တည်းကြောင့်ပဲ ဒုသမ္မတ ဖြစ်ရင်တောင် အခွင့်အလမ်း ပိုကြီးတဲ့ ဒုသမ္မ ဖြစ်ရအောင် မဲများဖို့ လိုအပ်နေသေးတာပါ။

ဥပမာ- လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီဘက်က သမ္မတ နေရာရော၊ ဒုတိယ မဲအများစုရမယ့် ဒုသမ္မတနေရာကိုပါ ရယူလိုတယ်ဆိုရင် ခက်ခဲမှာဖြစ်သလို၊ မထင်မှတ်တာတွေလည်း ဖြစ်သွားနိုင်ပါတယ်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ အင်န်အယ်လ်ဒီက ၆၀ ရာခိုင်နှုန်းနီးပါးရှိပြီး တပ်တော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး ပေါင်းရင် ၃၀ ရာခိုင်နှုန်း စွန်းစွန်း၊ အခြားပါတီတွေက ၁၀ ရာခိုင်နှုန်းနီးပါး ရယူထားကြပါတယ်။ ဒီနေရာမှာ အင်န်အယ်လ်ဒီဟာ သမ္မတဖြစ်စေလိုတဲ့ ဦးထင် ကျော်ကို ၄၀ ရာခိုင်နှုန်း နီးပါးလောက် မဲပေး၊ ကျန်တာတွေ ဦးဟင်နရီ ဗန်ထီးယူကို မဲပေးတာမျိုး လုပ်ပြီး တစ်ယောက်ကို သမ္မတ၊ တစ်ယောက်ကို မဲ ဒုတိယအများစုရတဲ့ ဒုသမ္မတဖြစ်အောင် ကြိုးစား နိုင်ပါတယ်။ တကယ်လို့များ အဲလို လုပ်ကိုင်ခဲ့ရင် တစ်ဖက် တပ်မတော်အမတ်တွေနဲ့ ပြည်ခိုင်ဖြိုးဘက် ကလည်း ထင်မှတ်မထားပါဘဲ သူတို့တင်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို မဲမပေးဘဲ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ပုံအော မဲပေးလိုက်ရင် နိုင်ငံ့အထွဋ် အထိပ် နိုင်ငံတော်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ဦးထင်ကျော် သမ္မတအဖြစ်ကနေ လွဲချော်သွားနိုင်ပါတယ်။

ဒီလို မတော်တဆဖြစ်မှုတွေ အဖြစ်မခံနိုင်ဘူးဆိုရင် အင်န်အယ်လ်ဒီဟာ ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်စေချင်တဲ့ ဦးထင်ကျော် မဲ ၅၀ ရာခိုင်နှုန်းကျော်ရအောင် မဲပေးရပါလိမ့်မယ်။ ဒါဆိုရင် ဦးထင်ကျော်ဟာ လွတ်လွတ်ကျွတ်ကျွတ်၊ စိတ်ချလက်ချ နိုင်ငံတော်သမ္မတ ဖြစ်လာပါလိမ့်မယ်။ တပ်မ တော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုးဘက်ကလည်း သမရိုးကျအတိုင်း သူတို့တင်တဲ့ ဒုသမ္မတ ဦးမြင့် ဆွေကိုပဲ ပုံအော မဲပေးလိုက်ရင် အင်န်အယ်လ်ဒီကတင်တဲ့ နောက် ဒုတိယ သမ္မတတစ်ယောက်ဖြစ် တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကတော့ ဒုသမ္မတထဲမှာ မဲအနည်းဆုံးရတဲ့ ဝါစဉ် အငယ်ဆုံး သမ္မတ ဖြစ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီကတင်တဲ့ သမ္မတ ဦးထင်ကျော် အနား ယူတာဖြစ်စေ၊ နှုတ်ထွက်တာဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် သမ္မတရာထူး မယူနိုင်တော့ဘူးဆိုရင် ဦးမြင့်ဆွေဟာ ကာလတစ်ခု ယာယီသမ္မတ တာဝန်ယူခွင့် ရပါလိမ့်မယ်။

အကောင်းဆုံးနည်းလမ်းကတော့ အင်န်အယ်လ်ဒီဟာ ကိုယ်တင်ချင်တဲ့ ဒုသမ္မတ ဦးထင်ကျော် ကို မဲ ၅၀ ရာခိုင်နှုန်းကျော်ပေးပြီး သေခြာပေါက် သမ္မတဖြစ်အောင် တင်လိုက်တာမျိုးပါ။ ဒီအတွက် ဦးဟင်နရီဗန်ထီးယူ ဝါစဉ် အငယ်ဆုံး ဒုသမ္မတလောက်ပဲ ဖြစ်လာမှာ ဖြစ်ပေမယ့် ပြဿနာမရှိတဲ့၊ မထင်မှတ်တာတွေ ဖြစ်လာမှာ မဟုတ်တဲ့ ပုံမှန် သမ္မတရွေးချယ်ပွဲပဲ ဖြစ်လာမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required