ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၅၀ ကျော်ပြုလုပ်

By 001(မဇ္စျိမ)
03 December 2023
ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၅၀ ကျော်ပြုလုပ်

ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးကာလ ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၅၀ ကျော်ပြုလုပ်ထားကြောင်း အရပ်ဘက်အဖွဲ့အစည်းနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။

ထိုတိုက်ခိုက်မှုများမှာ အာဏာသိမ်းကာလအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း သိရသည်။

၁၁၁၁ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လွိုင်ကော်၊ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၅၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့ (KHAI)က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကာလအတွင်း စစ်ကောင်စီက နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက် တနေ့တည်းတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၆၀ အထိပြုလုပ်ခဲ့ကြောင်း KHAI က ကရင်နီတပ်မတော် KA ၏ မော်ကွန်းအချက်အလက်များကို မှီငြမ်းဖော်ပြထားသည်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်အနေဖြင့် ပိုမိုပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးသီးများ၊ အမျိုးအစားစုံလင်သည့် ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးကပြောသည်။

“ ၁၁၁၁ စတင်တဲ့ ပထမ လေးငါးရက်အတွင်း လေကြောင်းတိုက်ခိုက်တာက ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်တာက ၁၅ မိနစ် တစီးပုံစံမျိုးလောက်ကိုရှိပါတယ်။ ၁၅ မိနစ် တစီး၊ နာရီဝက်နောက်တစီးလောက်နဲ့ ကျောင်းဝင်းထဲလာပစ်တယ်။ နောက်ပြီးဗုံးတွေနဲ့ကြဲတယ်။ စက်သေနတ်တွေနဲ့ပစ်တယ်ပေါ့။ အဲ့ဒီလိုပစ်တဲ့အခါ ဂျက်ဖိုက်တာအမျိုးမျိုးကို အသုံးပြုတာတွေ့ရတယ်။ အရင်တုန်းက မပစ်ဖူးတဲ့ ဂျက်ဖိုက်တာအမျိုးအစားတွေကိုပါတွေ့ရတယ်။ အမျိုးအမည်တော့ကျွန်တော်တို့ မပြောနိုင်ဘူး။ ဒီ ၁၁၁၁ ကာလမှာလေကြောင်းနဲ့တိုက်ခိုက်တာက ကရင်နီပြည်စစ်ဖြစ်တဲ့ကာလတလျှောက်အများဆုံး လို့တောင်ပြောလို့ရပါတယ်”ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကရင်နီပြည်နယ်တွင် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ၁၁၁၁ စစ်ဆင်ရေးဆင်နွှဲနေခြင်းဖြစ်ကာ လက်ရှိတွင် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မြို့၏ ၅၀ ရာခိုင်နှုန်းနီးပါးလောက်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း KNDF ထံက သိရသည်။

ထို့ပြင် လွိုင်ကော်နှင့် အခြားမြို့များကို ချိတ်ဆက်သည့် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းမှန်သမျှကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတခုတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွိုင်ကော်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယင်းပြောဆိုမှုမှာ ဝါဒဖြန့်မှု၊ လိမ်လည်မှုတခု သပ်သပ်သာဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက တုံ့ပြန်သည်။

“သူတို့တပ်စခန်းတွေကို ပြန်ပြီးတော့ ရရှိဖို့နေနေသာသာ သူတို့တိုက်ခိုက်ခံရတဲ့တချို့ စခန်းတွေ သူတို့တပ်စွဲခဲ့တဲ့နေရာတွေမှာ တိုက်ခိုက်ခံရပြီဆိုရင် အဲ့ဒီနေရာကို စစ်ကူပို့ဖို့တောင်မရှိဘူးပေါ့နော်။ စစ်ကူတောင်မပို့နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ သူတို့ကတော့ခံစစ်အနေနဲ့ ပဲရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့ကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများတွင် ပေါင် ၅၀၀ ဗုံးများပါဝင်ကာ ထူးခြားလာသည့်ဖြစ်စဉ်မှာ ကင်းထောက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်ခြင်းဖြစ်ကြောင်း KHAI အဖွဲ့က ဆိုထားသည်။

“တိုက်ပွဲပေါ်တဲ့နေရာမှာ အများဆုံးတိုက်ခိုက်တယ်။ ဒုတိယက ပြည်သူတွေရှိနေတဲ့နေရာမှာ ပြည်သူစခန်းတွေ အဲ့လိုစခန်းတွေ စာသင်ကျောင်းတို့ ဆေးရုံတို့ အဲ့ဒီလိုမျိုးတွေ အဓိကပစ်မှတ်ဖြစ်တယ်။ နောက်တခုကတော့ ကျွန်တော်တို့ကယ်ဆယ်ရေးလုပ်တဲ့အတောအတွင်းမှာပဲ ကယ်ဆယ်တဲ့ပြည်သူတွေကို လိုက်ပြီးမှပစ်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့အဖွဲ့ကိုယ်တိုင်က ခံရတယ်။ ပစ်တယ်။ ဒါပေမဲ့ မထိဘူးလေနော်။ ပြည်သူရော ပစ်တဲ့အခါမှာ အဲ့ဒီလိုတွေလည်းပစ်ခဲ့ပါတယ်”ဟု KHAI အဖွဲ့၏ တာဝန်ရှိသူ တဦးကပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ပစ်ခတ်သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်းရှိပြီး ၁၁၁၁ စစ်ဆင်ရေးကာလ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အရပ်သား ၇၆ ဦးသေဆုံးခဲ့ကြောင်း KHAI က ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်နီပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စာရင်းကောက်ယူနေသည့် PKPF ၏ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၈၀ ပြုလုပ်ခံထားရပြီး စစ်ကောင်စီတပ်၏ တိုက်လေယာဉ် နှစ်စီးလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly