ဖိလစ်ပိုင်တောင်ပိုင်း ဘာသာရေးဝတ်ပြုဆုတောင်းပွဲ၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံး

ဖိလစ်ပိုင်တောင်ပိုင်း ဘာသာရေးဝတ်ပြုဆုတောင်းပွဲ၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံး
Photo-AFP

ဖိလစ်ပိုင်နိုင်ငံ၏ သောင်းကျန်းမှုဒဏ် ဖိစီးခံထားရသည့် တောင်ပိုင်းဒေသ၌ ဒီဇင်ဘာ ၃ ရက် ကက်သလစ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းပွဲတခုတွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက‌ ပြောသည်။

နိုင်ငံ၏အကြီးဆုံး မွတ်စလင်မြို့ဖြစ်သည့် မာရာဝီရှိ မင်ဒါနာအို ပြည်နယ်တက္ကသိုလ်၏ အားကစားရုံ၌ ပုံမှန်ပြုလုပ်နေကျ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားတခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ အလန် နိုဘလီဇာက ပြောသည်။

“ဒါက လက်လုပ်ဗုံးတခုလား ဒါမှမဟုတ် လက်ပစ်ဗုံးပစ်သွင်းတာလား ဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတယ်” ဟု နိုဘလီဇာက ပြောသည်။

“အကြမ်းဖက်လုပ်ရပ်” အပေါ် ပြစ်တင်ရှုတ်ချကြောင်း မင်ဒါနာအိုပြည်နယ်တက္ကသိုလ်က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်သလို အတန်းများကို ရပ်ဆိုင်းထားကြောင်းနှင့် တက္ကသိုလ် ပုရိဝုဏ်အတွင်း လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ဖြန့်ကျက်ထားကြောင်း ပြောသည်။

“မိမိတို့ဟာ မိမိတို့ရဲ့ ခရစ်ယာန်အသိုင်းအဝိုင်းနဲ့ ဒီဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံရသူတွေအားလုံးနဲ့အတူ တညီတညွတ်တည်း ရပ်တည်ပါတယ်” ဟု တက္ကသိုလ်က ထုတ်ပြန်ချက်တွင် ပြောသည်။

ဖိလစ်ပိုင်စစ်တပ်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုတခု လုပ်ဆောင်ခဲ့ရာ မင်ဒါနာအိုရှိ Dawlah Islamiyah အဖွဲ့မှ အစ္စလမ္မစ် စစ်သွေးကြွ ၁၁ ဦး သေဆုံးခဲ့ပြီးနောက် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Dawlah Islamiyah အဖွဲ့သည် မာဂွင်ဒါနာအို ဒယ် ဆာ ခရိုင်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားခဲ့ကြောင်း စစ်တပ်က ပြောသည်။

ယခု ဒီဇင်ဘာ ၃ ရက်တွင်ဖြစ်ပွားသည့် ဗုံးခွဲတိုက်ခိုက်မှုက ဒီဇင်ဘာ ၁ ရက်လေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်နေသလား ဆိုသည်ကို ရဲများက စုံစမ်းစစ်ဆေးနေကြောင်း နိုဘလီဇာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required