ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းမေးမြန်း

By မိုးသောက်
17 February 2023
ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းမေးမြန်း

မဲဆောက်(မဇ္ဈိမ) ။ ။ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင်အသုံးပြုမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က မေးခွန်း မေးမြန်းခဲ့သည်။

၎င်းက “နွေဦးတော်လှန်ရေးအပြီးတွင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရန် အတွက် မြေပြန့်တောင်ပေါ်ဒေသမကျန် တိုင်းရင်းသားပြည်သူပေါင်းစုံလက်ခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သို့သောအခြေခံမူများဖြင့် ရေးဆွဲ ပြဌာန်းသွားမည်ကို သိလိုကြောင်း “
မေးမြန်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်စဉ် ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးမြန်းမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဒုတိယဝန်ကြီး မိုင်းဝင်းထူးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းနေကြောင်း ဖြေကြားသည်။

အထူးသဖြင့် ၂၀၂၁ ခုနှစ်၊မတ်လ ၃၁ ရက်နေ့တွင် CRPH မှထုတ်ပြန်ခဲ့သည့် ဖက်ဒရယ်ပဋိညာဥ် အစိတ်အပိုင်း (၁)နှင့် (၂) ကို ပြင်ဆင်ပြဌာန်းရေး ဆောင်ရွက်ခဲ့ကြကြောင်းဆိုသည်။ အဆိုပါ ဖက်ဒရယ်ပဋိညာဥ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ရက် အထိကျင်းပခဲ့သည့် ပြည့်သူ့ညီလာခံတွင် အတည်ပြုခဲ့ကြပြီးဖြစ်သည်ဟုလည်း ဒုတိယဝန်ကြီး မိုင်းဝင်းထူးက ပြောသည်။

“ ဖက်ဒရယ်ပဋိညာဥ်၊ အထူးသဖြင့် ပဋိညာဥ်ရဲ့ အစိတ်အပိုင်း(၁) ဟာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းညွန်အခြေခံမူကြီးဖြစ်တဲ့အတွက် ကြောင့်မို့ ယင်းကို အခြေခံကျောရိုးအဖြစ် လက်ကိုင်ပြု၍ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် ပြင်ဆင်လျက်ရှိပါတယ် " ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖက်ဒရယ်ပဋိညာဥ်အရ လွှတ်တော်များ ခေါ်ယူကျင်းပနေခြင်းဖြစ်ကြောင်းသိရသည်။

“ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်ကို ခေါ်ယူတာမဟုတ်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ကျွန်တော်တို့ စစ်အုပ်စုနဲ့မပူးပေါင်းတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ပြည်ထောင်စုလွှတ်တော်လုပ်ငန်းလမ်းညွှန်အရ အစည်းအဝေးအထမြောက်မှု၊ တက်ရောက်ခွင့်ရှိသူတွေကို စိစစ်တယ်။ တက်ရောက်ခွင့်ရှိသူ ၄၀၇ ဦး မှာ ၃၃၇ ယောက် တက်လာတယ်။ ၈၂ ရာခိုင်နှုန်းကျော် ထက်ဝက်ကျော်တက်ရောက်တဲ့အတွက်ကြောင့် အထမြောက်တယ်ဆိုတာကြေညာနိုင်ခဲ့တယ်” ဟု CRPH ပြောရေးဆိုခွင့်ရှိသူဦးစည်သူမောင်က ရှင်းပြသည်။

ယခုကျင်းပနေသည့်လွှတ်တော်ထဲတွင် စစ်သားများပါဝင်မှုမရှိဘဲ အရပ်သားရွေးကောက်ခံများသာပါဝင်သည့် လွှတ်တော်ဖြစ်ကြောင်းနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စုစုပေါင်းငါးကြိမ် ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်သည် ယခင်ကထက် နိုင်ငံတကာ၏အသိအမှတ်ပြုမှု ပိုမိုအားကောင်းလာပြီး နိုင်ငံတကာသံရုံးများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ် - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly