(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း(မဲစာရင်း) ကောက်ခံနေသော လူစုလူဝေးကြားထဲသို့ မြို့ပြပြောက်ကျားများက ဗုံးပစ်ခြောက်လှန့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာမွေ (ကခ) ရပ်ကွက်၊ ၁၆၂ လမ်းရှိ လူဦးရေစာရင်းကောက်ခံနေသည့် အဖွဲ့လူစုမှာ စာရင်းကောက်ခံအပြီး ခုံများအား သိမ်းဆည်းကာ ကားပေါ်တင်နေချိန်တွင် ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
“အသံဗုံးမဟုတ်ဘူး လက်ပစ်ဗုံးနဲ့ပစ်တာ၊ ဒါပေမယ့် အထိခိုက်က ပြင်းထန်မှာမဟုတ်ဘူး၊ ဒီနေ့တွေ့ရတာ ဆရာမတွေလည်းပါနေတယ်၊ အဲ့ဒါကြောင့်လျော့ပေါ့ပေးခဲ့တာပါ။ ဘက်မတူပေမဲ့ ကိုယ်တွေကိုပညာသင်ပေးခဲ့လို့ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် လျော့ပေါ့ပေးလိုက်တာပါ။ နောက်တစ်ခါဆိုမရတော့ဘူး။” ဟု တိုက်ခိုက်မှုတွင် ပါဝင်သော Freeland Attack Force (FLA) အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
တိုက်ခိုက်မှုအား Freeland Attack Force (FLA) နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) ၊ Revolution of 21 Century အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် လုပ်ဆောင်နိုင်သော်လည်း အနီးရှိ ပြည်သူများကို ထိခိုက်အန္တရာယ်မဖြစ်စေရန် အဓိက ဦးစားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုပြုလုပ်ရမည့် သူများထဲတွင်လည်း အရပ်ဝတ်ကျောင်းဆရာမများပါဝင်နေသဖြင့် သနားငဲ့ညှာခဲ့သောကြောင့် ခြောက်လှန့်ယုံမျှသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တရားမဝင် မဲစာရင်းတွင် ဦးဆောင်လှုပ်ရှားနေသူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ရန် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် Freeland Attack Force (FLA) က သတိပေးထားသည်။ ပြည်သူများအနေဖြင့်လည်း တရားမ၀င်ရွေးကောက်ပွဲအား တတ်နိုင်သမျှမပါ၀င်ကြရန် မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)