ဦးဟင်နရီ ဗန်ထီးယူကို ဒုသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော် အတည်ပြုလိုက်ပြီ

ဦးဟင်နရီ ဗန်ထီးယူကို ဒုသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော် အတည်ပြုလိုက်ပြီ

နေပြည်တော်၊ မတ် ၁၁ ။ ။ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၃ မှ ဦးဟင်နရီဗန်ထီးယူအား အမျိုးသားလွှတ်တော်မှ တင်သွင်းသည့် ဒုတိယသမ္မတလောင်းအဖြစ် အတည်ပြုခဲ့သည်။

မတ်လ ၁၀ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ မှ ဦးခင်အောင်မြင့် နှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဦးဟန်နရီဗန်ထီးယူတို့တင်သွင်းခြင်းဖြစ်သည်။

ဒုတိယသမ္မတလောင်း နှစ်ဦးဖြစ်နေသည့်အတွက် အစည်းအဝေးတွင် လျို့ဝှက် ဆန္ဒပြုကာ မဲပေးခဲ့ရာတွင် ယနေ့ (မတ်လ ၁၁ရက်) အစည်းအဝေးသို့တက်ရောက်သည့် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၆၇ ဦးအနက် ဦးဟန်နရီဗန်ထီးယူ က ၁၄၈ မဲ၊ ဦးခင်အောင်မြင့်က ၁၃ မဲရရှိခဲ့ခြင်းဖြစ်သည်။

မဲပေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၇ ဦးအနက် ပယ်မဲ ၆ မဲ သတ်မှတ်ခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ဆန္ဒမဲအများစုရရှိခဲ့သည့် ဦးဟန်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင်လည်း မတ်လ ၁၀ရက်က ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူများကို လျို့ဝှက်ဆန္ဒမဲဖြင့် မတ်လ ၁၁ရက်က ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းသည့် ဦးထင်ကျော်က ဆန္ဒမဲ ၂၇၄မဲရရှိကာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

ကြံ့ခိုင်ရေးဘက်က တင်သွင်းသည့် ဒေါက်တာ စိုင်းမောက်ခမ်းကမူ ၂၉မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၄မဲ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required