ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီကိစ္စရပ်တွေကို ဖြေရှင်းသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြော

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီကိစ္စရပ်တွေကို ဖြေရှင်းသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြော
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီအာရေဗျမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြောဆိုဖို့ သူ့ရဲ့ပလက်ဖောင်းကို အသုံးပြုသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။

အသက် ၃၇ နှစ် ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ တစ်နှစ်လျှင် ပေါင် ၁၇၇ သန်းကျော် တန်ကြေးနဲ့ ၂၀၂၅ အထိ အမြတ်အစွန်းများစွာရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာပါ။

ရော်နယ်လ်ဒိုကို ခေါ်ယူမှုဟာ "sportswashing ရဲ့ ကျယ်ပြန့်တဲ့ပုံစံ"ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ပြောတယ်။

အင်္ဂါနေ့က အယ်လ်နာဆာက ပေါ်တူဂီတိုက်စစ်မှူးကို ကစားသမားအဖြစ် မိတ်ဆက်ချိန်မှာ သူက ဆော်ဒီအာရေဗျကို "အံ့သြဖွယ်ကောင်းတဲ့ နိုင်ငံ"လို့ ပြောဆိုခဲ့ပါတယ်။

ဆော်ဒီအာရေဗျဟာ LIV ဂေါက်စီးရီးပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံလက်ဝှေ့ပွဲတွေနဲ့ ဖော်မြူလာဝမ်း ဂရင်းပရီးပြိုင်ပွဲတွေကို လက်ခံကျင်းပနိုင်ဖို့အတွက် အားကစားပြိုင်ပွဲတွေမှာ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါ့အပြင် ၂၀၂၁ မှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်ကို ဝယ်ယူရာမှာ  နိုင်ငံရဲ့ Public Investment Fund က ကျောထောက်နောက်ခံပြုထားပါတယ်။

ဒါပေမယ့်လည်း အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် လက်ထက်မှာ အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်တာကို ဖယ်ရှားပေးလိုက်တာမျိုး ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပေမယ့်လည်း ဆော်ဒီအာရေဗျနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံနေရသလို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေဟာလည်း အကျဉ်းချခံနေရပါတယ်။

အိမ်ရှေ့မင်းသားက သတင်းထောက် ဂျမား ဟာရှော့ဂျီကို ၂၀၁၈ က သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ အနောက်တိုင်းထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပြီး သူကတော့ ဒါကို ငြင်းဆိုထားပါတယ်။

“ရော်နယ်လ်ဒိုအနေနဲ့  နိုင်ငံတွင်း လူ့အခွင့်အရေးကိစ္စရပ်တွေကို အာရုံစိုက်ဖို့ သူ့ရဲ့ အများသုံး ပလက်ဖောင်းကို သူအတော်အတန် အသုံးပြုသင့်ပါတယ်”လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသီ ဒါနာ အာမတ်က ပြောပါတယ်။

"ဆော်ဒီအာရေဗျက လူသတ်မှု၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးမှောင်ခိုမှုအပါအဝင် ရာဇဝတ်မှုတွေအတွက် လူတွေကို များသောအားဖြင့် သေဒဏ်ပေးပါတယ်။ မနှစ်က တစ်ရက်တည်းမှာ လူ ၈၁ ဦးကို သတ်ပစ်ခဲ့ပြီး အများစုမှာ အလွန်တရာ တရားမျှတမှု မရှိတဲ့ စစ်ဆေးမှုတွေမှာ စီရင်ခံခဲ့ရတာပါ။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အသင်းအဖွဲ့ကိုလည်း အာဏာပိုင်တွေက ဆက်လက် ဖြိုခွဲတယ်။ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်တယ်။

"ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ကျော်ကြားမှုနဲ့ ဆယ်လီဖြစ်မှု အဆင့်အတန်းကို ဆော်ဒီရဲ့ sportswashing ကိရိယာတစ်ခုဖြစ်လာအောင် ခွင့်မပြုသင့်ပါဘူး။ သူ့အနေနဲ့  အယ်လ် နာဆာမှာ သူ့ရဲ့အချိန်တွေကို အသုံးပြုပြီး နိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ထုတ်ဖော်ပြောဆိုသင့်ပါတယ်"

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly