ရေဘေးဒဏ်အကြီးအကျယ်ခံထားရသည့် ပါကစ္စတန်က နိုင်ငံတကာအကူအညီများ ထပ်မံရရှိနိုင်ရေး ကြိုးပမ်း

ရေဘေးဒဏ်အကြီးအကျယ်ခံထားရသည့် ပါကစ္စတန်က နိုင်ငံတကာအကူအညီများ ထပ်မံရရှိနိုင်ရေး ကြိုးပမ်း

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း မိုးကြီးပြီး ရေကြီးမှုများ အကြီးအကျယ် ဖြစ်ပေါ်ပြီးနောက် အစိုးရအနေဖြင့် ချေးငွေများ ချေးယူရခြင်းမရှိဘဲ ရပ်တည်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေရသလို ရေဘေးဒုက္ခဆိုး၏ အကြီး အကျယ် ထိခိုက်စေသော သက်ရောက်မှုများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ရေး နိုင်ငံတကာ အကူ အညီများ ထပ်မံလိုအပ်နေကြောင်း South Asia Press က ဖော်ပြသည်။

၂၀၂၃ ခုနှစ်အတွက် လူသားချင်းစာနာမှု တုံ့ပြန်ကူညီမှုဆိုင်ရာ လိုအပ်ချက်ပမာဏက ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံဖြစ်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားသည်။

လာမည့်နှစ်သည် လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးဆိုင်ရာ လိုအပ်မှုများတွင် နောက်ထပ် စံချိန်တစ်ခု တင်ရန် ရှိနေပြီး နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၃၃၉ သန်း ရှိနေရာ ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက လူပေါင်း ၆၅ သန်း တိုးလာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ဖော်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခဆိုးက ပါကစ္စတန်ကို အကြီးအကျယ် ထိခိုက်စေခဲ့သလို နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုနှင့် စီးပွားရေးအရင်းအမြစ်များ မလုံလောက်မှုကြောင့် ဤမျှ ကြီးမားသည့် ဘေးဒုက္ခဆိုး တစ်ခုကို စီမံခန့်ခွဲရန် လုံးလုံးလျားလျား အသင့်ဖြစ်မနေသည့် နိုင်ငံတစ်နိုင်ငံတွင် လူသန်းနှင့်ချီတို့သည် ဒုက္ခများနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း South Asia Press က ဖော်ပြသည်။

ပါကစ္စတန်တွင် ရေကြီးမှုများကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုများက သတင်းထူး မဟုတ် နိုင်တော့သော်လည်း လူသန်းချီအတွက်ကမူ ၎င်းတို့ ကြုံတွေ့ကြရသည့် ထိခိုက်ပျက်စီးမှုဆိုင်ရာ အခက်အခဲဒုက္ခများက မပြီးဆုံးသေးကြောင်း ကုလသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required