တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတွင် တူရကီ ပါဝင်ရန် ပါကစ္စတန်ဝန်ကြီးချုပ် ဖိတ်ခေါ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတွင် တူရကီ ပါဝင်ရန် ပါကစ္စတန်ဝန်ကြီးချုပ် ဖိတ်ခေါ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) တွင် တူရကီနိုင်ငံ ပူးပေါင်းပါဝင်ရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဖိတ်ခေါ်လိုက်သည်။ လက်ရှိတွင် ပါကစ္စတန် သိမ်းပိုက်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားရှိ CPEC စီမံကိန်းများအပေါ် အိန္ဒိယက ဆက်လက်ကန့်ကွက်နေသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်သည် တူရကီနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း တူရကီသမ္မတ ရီဆက် တေရစ် အာဒိုဂန်နှင့် အတူပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“တရုတ်၊ ပါကစ္စတန်နဲ့ တူရကီအကြား ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်ကြဖို့ ကျွန်တော် အကြံပြု ချင်တယ်။ အဲဒါက ထူးခြားကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ ယနေ့ကာလ စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းသွားနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပါတယ်” ဟု ရှာရစ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

တူရကီဘက်က CPEC တွင် ပူးပေါင်းပါဝင်ရန် ဆန္ဒရှိပါက မိမိအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တရုတ်ခေါင်းဆောင်များနှင့် ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာရစ်က ပြောသည်ဟု ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့မှု ကိစ္စများနှင့်ပတ်သက်၍ အိန္ဒိယဘက်က ဆန့်ကျင်မှုများ ရှိသော်လည်း ပါကစ္စတန်နှင့် တရုတ်သည် CPEC ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့မည့် အစီအစဉ်တစ်ရပ်ကို ဆက်လုပ်ရန် ဆုံးဖြတ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required