စစ်ကောင်စီတပ်က ကောလင်းမြို့နယ် ဂုံညှင်းရှိုကျေးရွာမှ နေအိမ် ၃ လုံး ကို မီးတင်ရှို့၊ ဒေသခံများကို လည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

By ကိုခင်မောင်
16 November 2022
စစ်ကောင်စီတပ်က ကောလင်းမြို့နယ် ဂုံညှင်းရှိုကျေးရွာမှ နေအိမ် ၃ လုံး ကို မီးတင်ရှို့၊ ဒေသခံများကို လည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

နိုဝင်ဘာ ၁၆

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်း ဂုံညှင်းရှိုကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် သုံးလုံးအားမီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

ကောလင်းမြို့နယ် ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဂုံညှင်းရှိုကျေးရွာအတွင်းသို့ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်မွှေနှောက်ပြီး မွန်းလွှဲ ၂ နာရီခန့်တွင် လူနေအိမ်သုံးလုံး မီးတင်ရှို့သွားသည်ဟု ဒေသခံများက ပြောကြားသည်။

“မနေ့က မနက် ၅ နာရီလောက် ဂုံညှင်းရှိုရွာကို ဝင်စီးတော့ ရွာသားတွေ ပိတ်မိနေတာ။ နေ့လယ်ပိုင်းမှာ အိမ်သုံးလုံးကို မီးရှို့တယ်။ ညနေ ကိုးတောင်ဘို့ကိုပြန်တော့ ရွာသား ၅၅ ဦးကို ခေါ်လူသားဒိုင်းလိုလုပ်ပြီး သွားတယ်။ ကိုးတောင်ဘို့ရွာအဝင်မှာ ၅၃ ယောက်ကိုပြန်ခိုင်းပြီး နှစ်ဦးကို ဆက်ခေါ်ထားတယ်” ဟု ကောလင်းမြို့နေ မဇ္ဈိမ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကိုးတောင်ဘို့ရွာသို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဒေသခံ ၅၅ ဦးအနက် ၅၃ ဦးအားအိမ်ပြန်ခိုင်းပြီး အသက် ၅၀ ကျော်အရွယ်ရှိ ဦးသန်းထွန်းကြီးနှင့် ဦးဖိုးစည်တို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က ကိုးတောင်ဘို့ရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ အင်အား ၇၀ ခန့်ဖြင့် ကပ္ဖလူးရွာအတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး နေအိမ်သုံးလုံးအား မီးရှို့သွားခဲ့ကြောင်း လည်းသိရသည်။

“ မီးရှို့တာက ရှို့ချင်လို့ကို ရှို့တာပါ။ အကြောက်တရားပေးနေတာပါ။ ဒေသခံတွေက လောလောဆယ် ရွာ ထဲပြန်ဝင်နေကြပါတယ်။ အခုရက်ပိုင်းအတွင်း တိုက်ပွဲမရှိပါဘူး။ မြို့တွင်းပြောက်ကျားအဆင့်လောက် လုပ်တာပဲရှိပါတယ်။ ကပ်ဖလူးရွာက အရင်ကမီးရှို့မခံရဖူးပါဘူး” ဟု Kawlin Revolution–KR မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်စီးနင်းမှုကြောင့် တိမ်းရှာင်နေရသည့် ဒေသခံပြည်သူ များမှာ ရွာထဲသို့ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ ကပ္ဖလူးရွာသည် ကောလင်းမြို့နှင့် ခုနစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၄၀ ခန့်ရှိသည့်ရွာ ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကောလင်းမြို့နယ်

#Kawlin_Revolution–KR

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required