ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်းခြင်းကို အစိုးရ အပြင်းအထန် ကန့်ကွက်

ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်းခြင်းကို အစိုးရ အပြင်းအထန် ကန့်ကွက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ ၆ အား တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ဖေဖော်ဝါရီလ ၂၉ ရက်က ကန့်ကွက်လိုက်သည်။

မြန်မာအစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဖော်ဆောင်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) ထိန်းချုပ်ဒေသဖြစ်သည့် မုန်းဘော်၊ မုန်းကိုးနှင့် ဖောင်းဆိုင် နယ်မြေ သုံးခုတွင် KIA  တပ်မဟာ ၆ ကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“KIA ၏ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်းခြင်းအား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း” ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဖေဖော်ဝါရီလ ၂၉ ရက်က သတင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တပ်မဟာ ၆ ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နိုင်ငံတော် အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အသိအမှတ် မပြု၊ ဆန့်ကျင်ရာရောက်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သက်ရောက်စေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ကန့်ကွက်စာ တရားဝင် မရရှိသေးသဖြင့် ဖြေဆိုခြင်း မရှိသေးကြောင်း KIO ၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

“ကျနော်တို့ ကန့်ကွက်စာ မတွေ့သေးဘူး။ ကျနော်တို့ဆီလည်း မရောက်သေးဘူး။ ကန့်ကွက်တယ် ဆိုရင်လည်း တရားဝင် ကန့်ကွက်ဖို့ လိုတယ်။ ကန့်ကွက်စာ ကျနော်တို့ဆီ မရောက်သေးလို့ ဘာမှ ပြောလို့မရဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ် အစိုးရ စစ်တပ်နှင့် KIA တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း KIA တပ်မဟာ ၆ ကို တိုးချဲ့ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း KIA တပ်မဟာမှူးက ပူးတွဲတာဝန်ယူနေခြင်း ဖြစ်ကာ ယခု ဖေဖော်ဝါရီလ ၂၆ ရက်တွင် တပ်မဟာ ၆ ၏ တပ်မဟာမှူးအဖြစ် ဒု-ဗိုလ်မှူးကြီး မရန်ဇော်ဂေါင်အား တာဝန် ပေးအပ်၍ တရားဝင် တိုးချဲ့ ဖွဲ့စည်းလိုက်သော ဆုတောင်းပွဲ အခမ်းအနားကို မိုင်ဂျာယန်တွင် ကျင်းပခဲ့သည်ဟု KIO အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည်။

“ဒီနေရာတွေက အရင်က ကျနော်တို့က ကေအိုင်အို စတည်ထောင်တုန်း အခုပြောတဲ့နေရာတွေ ကျနော်တို့နေရာတွေ ဖြစ်တယ်။ ၁၉၆၈ ခုမှာ ဗကပ ဝင်လာတဲ့အချိန် ကျနော်တို့ ဆုတ်ပေးလိုက်ရ တယ်။ ဒါကြောင့် မူလနေရာကို ကျနော်တို့ ပြန်ယူတဲ့သဘောပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ KIA တပ်မဟာ ၄ မှူးသည် ဗိုလ်မှူးကြီး ဟောဝါးဇော်ဂမ် တာဝန်ယူနေခြင်း ဖြစ်သည်။ ယခင် တပ်မဟာ ၄ အဖြစ် မုန်ဘော်၊ မုန်းကိုး၊ ဖောင်းဆိုင် တပ်ရင်း ၂၊ တပ်ရင်း ၃၆ နှင့် တပ်ရင်း ၃၇ နယ်မြေများကို ယခု KIA  တပ်မဟာ ၆ နယ်မြေများအဖြစ် အခြေချသွားရန် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လက်အောက်ခံ KIA တွင် တပ်မဟာ ၁ မှ ၈ ထိ ဖွဲ့စည်းထားသည်။

KIO သည် လက်ရှိ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required