ကန်ပက်လက်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၃ ဦး သေဆုံး

ကန်ပက်လက်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၃ ဦး သေဆုံး

October 22

မဇ္စျိမ ။ ။ ချင်းပြည်နယ် ၊ကန်ပက်လက်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် အခြားအဆင့်ရှိ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ရက်နေ့ နံနက် ၉နာရီ ၅၀မှ စတင်ပြီး နေ့လညယ် ၁၂နာရီဝန်း ကျင်အထိ ကန်ပက်လက်မြို့ ကျေးလက်ရုံးအနီးနှင့် မြို့မရဲစခန်းအောက်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနေ့(အောက်တိုဘာ၂၁ရက်)တိုက်ပွဲက မနေ့(အောင်တိုဘာ ၂၀ရက်)ကတိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ထပ်လာမယ်လို့ သတင်းရတာကြောင့် ကျနော်တို့က မနေ့ကနေရာမဟုတ်ဘဲ တခြားတစ်နေရာကနေ စောင့်တာမှာ သူတို့စစ်ကြောင်း ရောက်လာလို့ တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု CDF – Kanpetlet ဒုတပ်မဟာမှူးက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲအပြီး အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြို့တွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြကြောင်း ဆိုသည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့ များသို့ လေကြောင်းမှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အပြင် အများပြည်သူအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုနေကြောင်း ဖော်ပြထားသည်။

ကန်ပက်လက်မြို့တွင် ရန်အောင်စေတီကုန်း နှင့် ယင်းအောက်မှ ဘုန်းကြီးကျောင်း ၊ ပညာရေးမှူးရုံး နှင့် ထွေအုပ်ရုံးများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ရဲတပ်ရင်းမှာ အထက်တန်းကျောင်းတွင် နေရာယူထားကြောင်း သိရသည်။

လတ်တလော ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များ တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၅၀ နှင့် ၄၀၀ ကြားတွင် ရှိနိုင်ပြီး အင်အားဆက်လက်ဖြည့်တင်းမည့် အစီအစဉ်များရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ရခိုင်စစ်မျက်နှာသို့ ယခင်က မင်းတပ် ၊ မတူပီလမ်းမှ အင်အားဖြည့်တင်းခဲ့ကြသော်လည်း ယခုအဆိုပါလမ်းကြောင်းများမှာ မလွယ်ကူတော့သဖြင့် ကန်ပက်လက်မြို့နယ် ကျင်ဒွေး မှတစ်ဆင့် ရခိုင်ပြည်နယ် မင်းပြားသို့ စစ်ရေးဖြည့်တင်းနိုင်ရန် အင်းအားဖြည့်တင်း နေခြင်းဖြစ်ကြောင်း ဒုတပ်မဟာမှူးမှ သုံးသပ်ပြောဆိုသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ပြုလုပ်မည် ရွေးကောက်ပွဲ အောင်မြင်စေရန်အတွက် အင်အားသုံးပြီး CDF – Kanpetlet ထိန်းချုပ်နယ်မြေများအား ပြန်လည်စိုးမိုးနိုင်ရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်းဆိုသည်။

CDF – Kanpetlet အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ရေး သတိရှိကြရန်နှင့် ဗုံးခိုကျင်းများ တူးကြရန်ထပ်မံ သတိပေးနိုးဆော်ပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အောက်တိုဘာလ ၂၀ရက်နေ့ကလည်း ကန်ပက်လက်မြို့ပေါ်ရှိ မြို့ပတ်လမ်း ၊ အထက ကျောင်း ၊ မြို့နယ်ပညာရေးမှူးရုံးနှင့် NLD ပါတီရုံးဘေးပတ်လည် နေရာများတွင် လေးနာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်

#ကန်ပက်လက်မြို့

#စစ်ကောင်စီတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required