လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည်စခန်းအတွင်း ဆက်နေ

လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည်စခန်းအတွင်း ဆက်နေ

လူကုန်ကူးသူတို့ မတရားလုပ်နေသည့် သတင်း၊ လာမည့်အစိုးရသစ်အပေါ် မျှော်လင့်ချက်တို့ကြောင့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ လှေဖြင့် ထွက်ခွာမည့် အစီအစဉ်ကို စွန့်လွှတ်ထားကြသည်။

သက်ကယ်ပြင်၊ ရခိုင်ပြည်နယ် (Myanmar Now) ။          ။ ဒေါ်ဟာစီနား၏အသက်၂ဝ အရွယ်သားဖြစ်သူသည် မြန်မာနိုင်ငံအတွင်း တွေ့ကြုံခံစားနေရ သည့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံ ခံနေရမှုများမှ ထွက်ပြေးလွတ်မြောက်ရန် နေထိုင်ရာ ရခိုင်ပြည် နယ်မှ လှေဖြင့် စွန့်ခွာသွားခဲ့ပြီးနောက် သူ့သတင်းအစအနကို မကြားရသည်မှာ ၇ လ ခန့် ကြာသွား သည်။

တစ်နေ့တွင် လူတစ်ယောက်က ဒေါ်ဟာစီနား၏ သားဖြစ်သူ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူ များလက်ထဲတွင် ရောက်နေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ဖုန်းဆက်ပြီး ပြောလာသည်။ သူ့သားလွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငွေပေးပြီး ပြန်ရွေးယူရန် ဖြစ်သည်။

“တောင်းတဲ့ငွေကို မပေးဘူးဆိုရင် ခင်ဗျားသား သေလိမ့်မယ်လို့ ပြောတယ်။ ကျွန်မ အရမ်း စိတ်ဓာတ်ကျသွားတယ်။ ဒီလူပွဲစားတွေလက်ထဲကို ကျွန်မသား ဘယ်လိုရောက်သွားတယ်ဆိုတာ မသိပါဘူး။ ကျန်းမာရေးကလည်း ဘယ်လိုဖြစ်သွားတာလဲ မသိဘူး” ဟု ဒေါ်ဟာစီနားက စစ်တွေမြို့ အနီး သက်ကယ်ပြင် ဒုက္ခသည်စခန်းအတွင်းမှ သူ၏ သန့်သန့်ရှင်းရှင်း မရှိသည့် ခနော်နီခနော်နဲ့ အိမ်၏ ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက် ပြောသည်။

သူ၏ သားဖြစ်သူသည် ဒေါ်လာ ၁,၆ဝဝ ပေးမည့် မလေးရှားမှ အလုပ်ရှင်တစ်ယောက်နှင့် အဆက်အသွယ် ရခဲ့သည်။ သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်မှစ၍ တင်ခဲ့သည့် ယင်းအကြွေးကို ဆပ်နိုင်ရန် ယခုအချိန်အထိ အလုပ်လုပ်နေရသည်။ နှစ်လ၊ သုံးလလျှင် တစ်ကြိမ် ကျပ်ခြောက်သောင်း ခန့်သာ အိမ်သို့ ပြန်ပို့နိုင်ပြီး မိသားစုက တင်နေသည့်အကြွေးများကို ယင်းငွေဖြင့် ဆပ်ရသည်။

ကလေး ၇ ဦး၊ ပန်းနာရောဂါ စွဲကပ်နေသူ ခင်ပွန်းတို့နှင့်အတူ မိသားစု အိမ်စရိတ်အတွက် ရှာဖွေနိုင်ခဲ့သော်လည်း သားဖြစ်သူ၏ ပြဿနာကို ဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ဒေါ်ဟာစီနားက ရှင်းပြသည်။

“ကလေးတွေကို အလုပ်ရှာဖို့ လှေနဲ့ ထည့်လိုက်ချင်ပေမယ့် လူပွဲစားတွေ လက်ထဲကိုရောက် သွားမှာ စိုးတာနဲ့ မလုပ်ရဲဘူး” ဟု ဒေါ်ဟာစီနားက ပြောသည်။ မြန်မာနိုင်ငံတွင်း မကြာသေးမီ နှစ်များက လူမျိုးရေး အကြမ်းဖက်မှု၊ အသားအရောင်ခွဲခြားမှု ကဲ့သို့သော ပြဿနာတို့ကြောင့် ရိုဟင်ဂျာ အများအပြား ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲမှ အများအပြားသည် လူကုန်ကူးသူတို့၏ လက်တွင်းသို့ရောက် သွားပြီး အချို့မှာ ငွေနှင့် လာမရွေးပါက သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ရရှိခဲ့သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် ရိုဟင်ဂျာအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောသည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေခြင်း၊ နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လွှတ်တော်နေရာ အများစုအတွက် နေရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါအဖွဲ့များက ပြောသည်။

မြန်မာအစိုးရက နိုင်ငံအတွင်းရှိနေသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းခန့်ကို နိုင်ငံသား အသိအ မှတ်မပြုဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီများဟုသာ ခေါ်ဝေါ် သုံးစွဲသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း သွားရောက်ခွင့် ပိတ်ပင်ခံထားရပြီး စာသင် ခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း မရပေ။

စစ်တွေမြို့ပြင်မှ ဒုက္ခသည်စခန်း အသီးသီးတွင် ဒေါ်ဟာစီနားကဲ့သို့ တွေ့ကြုံခံစားရခဲ့သည့် ဘင်္ဂါလီအများအပြား ရှိနေသည်။ ယင်းအဖြစ်အပျက်များ သူတို့အကြားတွင် တစ်ဆင့်စကား တစ်ဆင့် နားကြားနေရပြီး ရက်ပေါင်းများစွာ သွားရမည့် လှေစီးခရီးအတွက် သူတို့ စိုးရိမ်နေကြသည်။ မကြာ သေးခင်က တွေ့ဆုံစကားပြောခဲ့ရသည့် ရိုဟင်ဂျာများက ထိုသို့သွားရမည်ကို ထိတ်လန့်ကြောင်းပြော သည်။

“ဒီရာသီမှာ အောက်တိုဘာလကစလို့ လှေနည်းနည်း ထွက်ခဲ့ပေမယ့် အခုနှစ်ပိုင်းမှာတော့ ထွက်တဲ့လှေ လုံးဝ မရှိပါဘူး။ ထိုင်းအစိုးရက သေသေချာချာ ဖမ်းဆီးနေလို့ လူကုန်ကူးသူတွေ ဝင်လို့မရတာက အဓိက အကြောင်းတစ်ခုပါ။ နောက်တစ်ချက်က မလေးရှားမှာလည်း လူဝင်မှုကြီး ကြပ်ရေး အဖွဲ့တွေက ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်” ဟု ရိုဟင်ဂျာများကို အကူအညီပေးနေ သော၊ ရွှေ့ပြောင်း သွားလာမှုများကို စောင့်ကြည့်နေသော ရခိုင်စီမံကိန်းမှ Chris Lewa က ပြောသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် တန်းစီ စောင့်ဆိုင်းနေသည့် ခိုလှုံခွင့် တောင်းခံလာသူများကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်။ ယခုအခါ မလေးရှား ထိန်းသိမ်းရေး စခန်းများတွင်၂,၅ဝဝ ခန့်ရှိနေကြောင်း သူက Myanmar Now ကို ရှင်းပြသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေက မှတ်ပုံတင်မရှိသလို အလုပ် လည်း ရှာရတာ မလွယ်လို့ အဆင်မပြေကြပါဘူး” ဟု Chris Lewa က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Fortify Rights ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Matthew Smith ကရခိုင်ပြည်နယ်မှ ထွက်ခွာသည့် ရိုဟင်ဂျာ/ဘင်္ဂါလီ အရေအ တွက် ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း လျှို့ဝှက်စွာ ထွက်ကြသည့် သဘောသဘာဝအရ အရေအတွက်ကို မှန်းဆရန် မလွယ်ကူဟု ဆိုသည်။

ထို့ပြင် လူကုန်ကူးဂိုဏ်းများ ရှိနေသေးသောကြောင့် ၎င်းတို့အနေဖြင့် အခွင့်အရေးရပါက ပြန်လည် လှုပ်ရှားမည့် အလားအလာများလည်း ရှိနေကြောင်း Matthew Smith က ပြောသည်။

မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှိနေသေး

ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေး အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ မွတ်စလင်အများစု အပါအဝင် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းဂဏန်းအထိရှိသော ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်းမှ လှေများဖြင့် ထွက်ခွာသွားခဲ့သည်။

ရှေးဆယ်စုနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သော ရေလမ်းခရီးကို ခိုင်ခန့်မှုမရှိသည့် လှေများဖြင့် ဖြတ်သန်းကြရာ အများအပြားသည် လူကုန်ကူးသမား တို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။

အိုးအိမ်စွန့်ခွာခဲ့ရသူ ၅,၆ဝဝ ခန့်ကို လက်ခံထားရှိသည့် သက်ကယ်ပြင် ကျေးရွာတွင် ၎င်းတို့ အများစု နေထိုင်ပြီး နေ့စဉ် ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့်အပြင် ခွဲခြားဆက်ဆံ ခံရမှုသည် အမြဲတမ်း ကြုံတွေ့နေသည့် ပြဿနာ ဖြစ်လာသည်။

အဆိုပါမိသားစုများမှ ကလေးများသည် ဒုက္ခသည်စခန်းအနီးရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် တက်နေပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကျောင်း မရှိသေး။ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အစိုးရက ဒုက္ခသည်စခန်းများ အနီးတွင် ကျောင်း၊ ဆေးခန်းများ ထပ်မံတည် ဆောက်ထားသည်။

လက်ရှိအစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတချို့က နေရပ်စွန့်ခွာမှု မပြုကြခြင်းမှာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ် လက်ထက်တွင် သူတို့အတွက် အခြေအနေ ကောင်းလာနိုင်မည်ဟု မျှော်လင့်နေကြခြင်း ကြောင့် ဖြစ်ကြောင်း Fortify Rights အဖွဲ့မှ Matthew Smith က ရှင်းပြသည်။

“ရခိုင်ပြည်နယ်က မွတ်စလင်တွေက ဒေါ်စုအနေနဲ့ သူတို့အတွက် ပိုကောင်းလာအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု သူက ပြောသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီများကို ခါးခါးသီးသီး ဆန့်ကျင်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသော်လည်း မွတ်စလင်တို့က ယင်းကဲ့သို့ မျှော်လင့်ထားသည်။ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ် မွတ်စ လင်တစ်ဦးတစ်ယောက်မျှ မပါဝင်သလို ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် နှိပ်စက်ခံရမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပေ။

အသက် ၆၅ နှစ်အရွယ် ဦးစူလတန်က NLD အစိုးရသည် အပြောင်းအလဲအတွက် အကောင်း ဆုံး မျှော်လင့်ချက်ဖြစ်နေသည်ဟု ပြောကြားသည်။ စူလတန်သည် တစ်ချိန်က စစ်တွေတွင် တိုက်ဖြင့်နေထိုင် ကာ စီးပွားရေးလုပ်ငန်း သုံးခုရှိခဲ့သော်လည်း ယခုအခါ အဆိုပါ ဘဝအခြေအနေနှင့် များစွာ ကင်းကွာသွားပြီဟု ဆိုသည်။ ဝေးဝေးလံလံသွားလာရန်လည်း မဖြစ်နိုင်တော့သကဲ့သို့ သူ့သမီးသုံး ယောက်ကို လည်း အခြားသူများကဲ့သို့ အလုပ်သွားလုပ်ခိုင်းမည် မဟုတ်ဟု ပြောသည်။ ယခုအခါ ဦးစူလတန်သည် သူငယ်ချင်းတစ်ယောက် ဝယ်ပေးထားသည့် ဆိုင်ကယ်တစ်စီးဖြင့် ကျပ် ၁၅ဝ တန် သွားတိုက်ဆေး များကို အနီးဝန်းကျင်ရွာများ၊ ဒုက္ခသည်စခန်းများတွင် လှည့်လည်ရောင်းချလျက် အသက်မွေးဝမ်းကြောင်းနေသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်မရခဲ့တာ တကယ် စိတ်မကောင်းပါဘူူး။ လာမယ့် အစိုးရသစ်လက်ထက်မှာတော့ အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဇနီးနှင့် ၂၆ ရက်သားအရွယ် သာရှိသေးသည့် ကလေးငယ်တစ်ဦး အပါအဝင် သမီး ၇ ဦး နံဘေးတွင် ထိုင်နေသည့် ဦးစူလ်တန်က ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရက ရိုဟင်ဂျာတို့၏ တရားဝင်အထောက်အထား လက်မှတ်များကို ပြီးခဲ့သည့်နှစ်အတွင်းက ပြန်သိမ်းသွားခဲ့သောကြောင့် ၎င်းတို့ မဲပေးခွင့် မရတော့သဖြင့် ရိုဟင်ဂျာတို့ကို အကူအညီပေးနေသည့် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန် ပြစ်တင်ခဲ့သည်။

ဦးစူလ်တန်က “ကျွန်တော်တို့ကို ကူညီတဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီကြောင့် ကျွန်တေ်ာတို့ အသက်ရှင်နေရတာပါ။ ကျွန်တော်တို့ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်ချင်ပါတယ်။ အရင်လို နေခဲ့ရတဲ့ဘဝမျိုးကို ပြန်လိုချင်တယ်” ဟု ပြောသည်။

မတရားခံရမှု ဖြစ်ရပ်များ

လှေနှင့် ခိုးထွက်သည့် ခရီးစဉ်များအတွင်း မတရားခံရမှု ဖြစ်ရပ်များကြောင့် သွားလာမှု လျော့ကျသွားသည်။ ၅ နှစ်အောက် ကလေးသုံးယောက်တို့၏ ဖခင် ၄၃ နှစ်အရွယ် ဦးဝင်းနိုင်က “လှေပေါ်မှာဖြစ်ဖြစ်၊ ထိုင်းကိုရောက်ရင်ပဲဖြစ်ဖြစ် ကျွန်တော် တစ်စုံတစ်ရာ ဖြစ်သွားရင် ကျွန်တော့်မိန်း မနဲ့ ကလေးတွေ ဘယ်လိုလုပ်မလဲ။ အဲဒီလို သွားရင်းနဲ့လည်း သေသွားနိုင်တယ်” ဟု ပြောသည်။

ဒေါ်ဟာစီနား၏ အိမ်နီးချင်း ကလေးနှစ်ယောက် ဖခင် အသက် ၂၅ နှစ်အရွယ် ကိုမူလာက လည်း ထိုသို့ စိတ်ကူးမိသည်ဟု ဆိုသည်။ လက်လုပ်လက်စားဘဝကို စွန့်ပြီး ပုံမှန်ဝင်ငွေတစ်ခုရရန် လွန်ခဲ့သည့် သီတင်းခြောက်ပတ်ခန့်က ဒုက္ခသည်စခန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သော်လည်း ဦးဝင်းနိုင်ပြောသည့်အတိုင်း စဉ်းစားမိပြီး အစီအစဉ်ကို ဖျက်လိုက်ကြောင်း Myanmar Now ကို ရှင်းပြသည်။

ယောက်ဖဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သူ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွား သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဒုက္ခသည်စခန်းမှ ထွက်သွားသော သူ့ယောက်ဖကို လူပွဲစားက ထိုင်းနိုင်ငံရှိ သားသတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံတွင် ဒေါ်လာ ၈၅ဝ ဖြင့် ရောင်းချခဲ့သည်။

“သူထွက်သွားတုန်းက အင်အားဖြည့် ဘီစကွတ် ၂ ထုပ်ပဲ ပါသွားတယ်။ သူတို့ ထိုင်းကိုရောက် တော့ သားသတ်သမားက ကျွန်တော့်ယောက်ဖ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်တာကို သဘောကျ သွားတယ်” ဟု ကိုမူလာက ပြောသည်။

လပေါင်းများစွာ ကြာသော်လည်း စားစရာအနည်းငယ်မှအပ လုပ်ခငွေပေးခြင်း မရှိသော ကြောင့် ယောက်ဖဖြစ်သူူသည် အလုပ်မှထွက်ပြေးပြီး အလုပ်ရှင်သစ် ရှာဖွေခဲ့သည်။ သို့သော်လည်း သားသတ် သမား အလုပ်ရှင်က သူ့ကိုရှာတွေ့သွားပြီး ခြိမ်းခြောက်ကာ ပြန်ခေါ်သွားခဲ့သည်ဟု ကိုမူလာက ပြောသည်။ လွန်ခဲ့သော ငါးလခန့်က ယင်းအဖြစ်အပျက်ကို သူ့ထံမှ နောက်ဆုံးကြားခဲ့ရပြီး ယခုအခါငွေ လည်း မပို့နိုင်ကြောင်း ရှင်းပြသည်။

“သူ့အဖြစ်အပျက်ကို ကြားရတာ တကယ်ကို ထိတ်လန့်စရာပဲ။ ဒီပုံစံနဲ့ အသက်ရှင်ဖို့ ဘယ် လွယ်မလဲ။ ကျွန်တော့်မှာ ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော် သေရင်တောင် ကျွန်တော့်မိသားစုက အနားမှာ ရှိသေးတယ်” ဟု ကိုမူလာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required