ငါးဘာသာလုံး မေးခွန်းပေါက်သည့် မကွေးတိုင်းအတွက် ဝေဖန်မှုများ ကျယ်ပြန့်လာ

ငါးဘာသာလုံး မေးခွန်းပေါက်သည့် မကွေးတိုင်းအတွက် ဝေဖန်မှုများ ကျယ်ပြန့်လာ

မကွေး၊ ဖေဖော်ဝါရီ   ၂၀ ။         ။ အဋ္ဌမတန်း အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၅ရက်မှ ၂၀ရက်ထိ ဖြေကြားခဲ့ပြီး မကွေးတိုင်းအတွင်း စေတုတ္တရာမြို့မှ လွှဲ၍ တစ်တိုင်းလုံးနီးပါး အင်္ဂလိပ်စာနေ့မှ သိပ္ပံအထိ ငါးဘာသာလုံး မေးခွန်းကွက်တိ ပေါက်ကြားခဲ့သည်။

မေးခွန်းပေါက်ကြားမှုကြောင့် မေးခွန်းရကာ ဖြေဆိုသည့် ကျောင်းသားများ နှင့် မေးခွန်းမရဘဲ ဖြေဆိုသည့် ကျောင်းသားများကြား တရားမျှတမှု မရှိဟု နတ်မောက်မြို့တွင် ကျောင်းဆရာဖြစ်ခဲ့သည့် ကျောင်းဆရာဟောင်း ဦးဌေးဝင်းက ပြောသည်။

"ဒီနေ့ဖြေတဲ့ သိပ္ပံမေးခွန်းလည်း မနေ့ညနေပိုင်းက ရထားတာနဲ့ တူနေတာပဲ။ (၄)တန်းမေးခွန်းလည်း ကျွန်တော်တို့ဆီ ရောက်နေတာပဲ။ ပေါက်နေတာပဲ။ ဒီနှစ်ကျောင်းသားတွေအားလုံးကို ရာနှုန်းပြည့် အအောင်ပေးရမယ်။" ဟု ကျောင်းဆရာဟောင်း ဦးဌေးဝင်းက ပြောသည်။

ယင်းကိစ္စတွင် မေးခွန်းထုတ်သူမှာ အဓိကတာဝန်ရှိပြီး မေးခွန်းမှာ လုံခြုံရမည်ဖြစ်သော်လည်း ယခုကဲ့သို့ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း နှင့် မေးခွန်းပေါက်ရသည့် အကြောင်းရင်းမှန်ကိုလည်း မသိရှိရသေးကြောင်း ၎င်းက ပြောသည်။ မေးခွန်းပေါက်ကြားမှုမှာ တိုင်းအတွင်း တစ်မြို့နယ် နှင့် တစ်မြို့နယ် ဖြန့်ချိသည့်အချိန်တွင် အားနည်းချက်ကြောင့် ဖြစ်နိုင်ကြေင်း ၎င်းက သုံးသပ်ထားသည်။

"ရုံးအဖွဲ့ကပဲ အားနည်းချက်ရှိမလား။ ကြီးကြပ်ရေးမှူးတွေကပဲ အားနည်းချက်ရှိမလားတော့ ပြောလို့မရသေးဘူး။ မြို့နယ်ပညာရေးမှူးရုံးမှာတော့ စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်။ (၈)တန်းမေးခွန်းတွေကတော့ facebook ပေါ်မှာ တွေ့ရတဲ့အနေအထားအရတော့ တော်တော်လေးပျံ့နှံ့တဲ့သဘော တွေ့ရတယ်။ အစိုးရစစ်စာမေးပွဲဆိုတာ ဒီလိုကြီးပဲလားပေါ့။ မေးခွန်းတွေက ဒီလိုပဲ ပျံ့နေသလားဆိုတဲ့အတွေးမျိုး ဝင်သွားရင်မကောင်းဘူး။" ဟု မကွေး မြို့၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက ဆိုသည်။

မင်းဘူးမြို့က ကျောင်းသားမိဘတစ်ဦးကလည်း "ဒီမေးခွန်းပေါက်ကြားတာ ဘာသာစုံဖြစ်နေတယ်။ တိုင်းပညာရေးမှူးနဲ့ မေးခွန်းကြီးကြပ်သူတွေမှာ အဓိက တာဝန်ရှိတယ်။ သူတို့ကိုလည်း ဘယ်လိုစစ်ဆေးအရေးယူမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပဲ။" ဟု  ပြောသည်။

အဆိုပါမေးခွန်းပေါက်ကြားမှုများနှင့် ပတ်သက်၍ မကွေးတိုင်းပညာရေးမှူးရုံးမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး၊ပညာရေးဋ္ဌာနအကြီးအကဲများနှင့် မြန်မာနိုင်ငံစာစစ်အဖွဲ့က လာရောက်စစ်ဆေး ရန်ရှိကြောင်း တိုင်းပညာရေးဋ္ဌာနနှင့် နီးစပ်သော ဝန်ထမ်းတစ်ဦးက ပြောသည်။ ထို့ပြင် လူမှုကွန်ယက်တွင် မေးခွန်းများပေါက်ကြားမှုနှင့် ပတ်သက်၍ အထက်တန်းပြကျောင်းဆရာမ(၁)ဦးနှင့် မိတ္တူဆိုင်ပိုင် ရှင်(၁)ဦးတို့အား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

စစ်ဆေးခံနေရသည့် အထက်တန်းပြ ကျောင်းဆရာမ၏ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်လည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required