နှစ်ချီ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသက လူမှုဒုက္ခ

By 001 (မဇ္စျိမ)
14 November 2023
နှစ်ချီ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသက လူမှုဒုက္ခ

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေမှာ အင်တာနက် ဖြတ်တောက်တာ နဲ့ အင်တာနက် အမြန်နှုန်းလျှော့ချတာတွေ ပြုလုပ်ထားတာ အခုဆိုရင် နှစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာမှာ နေထိုင်တဲ့ မဝင်းဝင်း (အမည်လွှဲ)ကတော့အရင်က သူတို့ ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အွန်လိုင်းကနေ အချိန်နဲ့တပြေးညီ သိနိုင်ခဲ့ပေမယ့် အခုတော့ အခြားသူတယောက်က ဖုန်းဆက်ပြောမှ သိရတော့တယ်လို့ ပြောပါတယ်။

 "စားဝတ်နေရေးဘက်လည်း လှည့်ရတာနဲ့ အင်တာနက်ကလည်း မရတော့ မသုံးနိုင်တော့ဘူး"လို့ မဝင်းဝင်းက ဆိုပါတယ်။

ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းကိုသာ အားကိုးနေရပြီး ရပ်ဝေးပြည်ပမှာရောက်နေတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့လည်း ဗီဒီယိုကောလ်တွေ မပြောနိုင်တော့ဘဲ အဆက်အသွယ် ပြတ်တောက်နေပြီလို့ သူက ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ နိုင်ငံအတွင်းအင်တာနက်ဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေထဲက တခုဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေခံထားရတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ နေအိမ်တွေ ပျက်စီးဆုံးရှုံးထားတဲ့ဒေသခံတွေဟာ ယာယီတဲတွေနဲ့ ဘဝကိုပြန်စနေရပြီး စစ်ရေးကာလမှာ သူတို့ရဲ့ လယ်ယာလုပ်ငန်းတွေကိုလည်း ပုံမှန်မလုပ်နိုင်ကြပါဘူး။

စစ်ကောင်စီရဲ့ ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်ထားမှုဟာ ပဋိပက္ခဒဏ်တွေကြောင့် ခက်ခဲနေပြီးသား ဒေသခံတွေကို ပိုပြီး ခက်ခဲသွားအောင် တွန်းပို့ပေးနေပါတယ်။

အင်တာနက်ဖြတ်တောက်တာဟာ လူထုအချင်းချင်းအကြား ဆက်သွယ်ရေးကွန်ရက်တခုပြတ် တောက်သွားစေတာဖြစ်ပြီး နေ့စဉ်လူမှုဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေလည်း ရှိလာစေပါတယ်။

“အင်တာနက်ဖုန်းလိုင်းကနေ ရနိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီမရတော့တာတွေရှိတယ်။နောက်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်ဖြစ်ဖြစ် မိုးလေဝသဆိုင်ရာ ကိစ္စရပ်ဖြစ်ဖြစ် အဲ့ဒီအချက်အလက်တွေ ရဖို့အတွက်အရမ်းခဲယဉ်းသွားတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည် ထောင်သူ ကိုဗညားက ပြောပါတယ်။

 “တခြားတနည်းနဲ့ကြည့်မယ်ဆိုရင်တော့ နေ့တဓူဝအသက်ရှင်လှုပ်ရှားမှုကိုပါ ခြိမ်းခြောက်လာတယ်” လို့ သူက ဆိုပါတယ်။

လူမှုသဟဇာတ

စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းတဲ့နေ့ နံနက်အစောပိုင်းကတည်းက တနိုင်ငံလုံးကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချတာကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းတွေဖြတ်တောက်တာကို လုပ်ဆောင်ခဲ့သလို အခုထိလည်း အဲ့ဒီနည်းလမ်းကို ကျင့်သုံးနေဆဲဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတာဟာ မိသားစုဝင်တွေကြားမှာဖြစ်စေ၊ အသိမိတ်ဆွေတွေကြားမှာဖြစ်စေ အပြန်အလှန်သတင်းအချက်အလက် ဖလှယ်တဲ့နေရာမှာ အရမ်းကို ခက်ခဲသွားစေတယ်လို့ KnHRG တည် ထောင်သူ ကိုဗညားက ပြောပါတယ်။ 

“ဒါက လူမှုသဟဇာတကို တိုက်ရိုက်သွားထိခိုက်တယ်” လို့ ဆိုပါတယ်။

အခုဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို  တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့တွေက အပ ကျန်မြို့မှာ ပြန်အသုံးပြုနိုင်နေပါပြီ။ ဒါပေမဲ့လည်း အင်တာနက်လိုင်းနှေးတာ၊ အင်တာနက် အသုံးပြုခ နှုန်းထား မြင့်တက်လာတာ၊ ဖုန်းခေါ်ဆိုမှုကျသင့်ငွေ များလာတာ နဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့တာကို ပြည်သူတွေက ရင်ဆိုင်လာရပါတယ်။ 

ဒါ့အပြင် လူငယ်တွေရဲ့ အွန်လိုင်းကတဆင့် ပညာသင်ကြားမှုတွေနဲ့ အွန်လိုင်းက လုပ်ကိုင်နိုင်တဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေ များစွာရှိသွားတယ်လို့ပြောပါတယ်။

"စစ်ရေးအရ တချို့ သတိထားဖို့အတွက် တော်လှန်ရေးအင်အားစုကနေ ထုတ်ပြန်လိုက်တဲ့အချက်အလက်တွေကို မတွေ့လိုက်မိတာတွေ အဲ့ဒီအတွက်ကြောင့် ပိုပြီးထိခိုက်နစ်နာမှုတွေပိုဖြစ်တာကိုလည်း တွေ့ရပါတယ်”လို့ ကိုဗညားကပြောပါတယ်။

စစ်ကောင်စီကတော့ အင်တာနက်ဖြတ်တောက်တာ၊ အင်တာနက်အမြန်နှုန်းလျှော့ချတာနဲ့ ဖုန်းလိုင်းဖြတ်တောက်တာတွေကို ပြုလုပ်ထားပေမယ့် မြို့နယ်ပေါင်းဘယ်နှစ်ခုနဲ့ ဘယ်မြို့နယ်တွေမှာအဲ့ဒီလို လုပ်ဆောင်ထားတယ်ဆိုတာကို တရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး။

ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် လှုပ်ရှား နေတဲ့ Access Now အဖွဲ့ကတော့ ၂၀၂၂ ခုနှစ်က  မြို့နယ် ၃၃၀ လုံးမှာ အင်တာနက်ပိတ်ဆို့မှုကို အနည်းဆုံး တကြိမ်ကြုံတွေ့ခဲ့ရပြီး မြို့နယ်ပေါင်း ၅၀ 
ကျော်မှာ အင်တာနက်ဖြတ်တောက်ခံရတာ တနှစ်ကျော်ကြာပြီလို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖော်ပြခဲ့ပါတယ်။

ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ(ကယား) ၊ မန္တလေးနဲ့ ရှမ်း စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့နယ်တွေဟာ အင်တာနက်ဖြတ်တောက်ခံရတဲ့ စာရင်းထဲပါဝင်ပါတယ်။

အန္တရာယ်ကြားက ဒေသခံတွေ
 
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မှုတွေက အင်တာနက် လူမှုကွန်ရက်ကနေ လှုံ့ဆော်ဆောင်ရွက်တာဖြစ်တဲ့အတွက် အင်တာနက်ဖြတ်တောက်တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဏာသိမ်းပြီး တလကျော်အကြာမှာ ပြောဆိုခဲ့ဖူးပါတယ်။

ခင်ဦးမြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်နိုင်ကတော့ အင်တာနက်ဖြတ်တောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တာလို့ ဆိုပါတယ်။

နှစ်နှစ်နီးပါး အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာဆိုရင် စစ်ကောင်စီစစ်ကြောင်းတွေက ကျေးရွာတွေထဲကို လှည့်လှည်စစ်ကြောင်းထိုးတာတွေရှိနေဆဲဖြစ်ပြီး ဒေသခံတွေဟာ တနေရာနဲ့ တနေရာ မကြာခဏ ပြောင်းရွှေ့တိမ်းရှောင်နေကြရပါတယ်။

“စစ်ကောင်စီက ရွာတွေကို စစ်ကြောင်းထိုးလာရင် သတင်းကမရတဲ့အခါကျတော့ တွေ့ပြီးတော့ မိသွားတယ်။ မိသွားတဲ့အခါကျတော့ သူတို့က ငွေတွေနဲ့ရွေးခိုင်းတယ်။ ဒါမှမဟုတ်ရင် ရိုက်တယ်။ နှက်တယ်။ တချို့လည်းသေတဲ့ဟာသေပေါ့”လို့ ကိုကျော်နိုင်ကပြောပါတယ်။

လက်ရှိ ခုခံတော်လှန်စစ်ဖြစ်ပွါးနေတဲ့အချိန်မှာ ဒေသခံတွေက စစ်ကောင်စီစစ်ကြောင်း ဘယ်ကနေ ဘယ်ရောက်နေပြီ ဆိုတဲ့အခြေအနေကြားရမယ်ဆို တိမ်းရှောင်ဖို့အတွက် အခွင့်အရေးရကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

 ဒေသခံတွေဟာ အချင်းချင်းဖုန်းလိုင်းနဲ့ ဆက်သွယ်နိုင်ပေမယ့် ဒါဟာ အင်တာနက်လိုင်းလို ချက်ချင်းသိရတာမဟုတ်ဘဲ ကြန့်ကြာမှုတွေရှိတယ်လို့ ကိုကျော်နိုင်က ပြောပါတယ်။

ဒါကြောင့် သတင်းတွေသိရတာ နောက်ကျတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေလည်း မလုပ်နိုင်တော့တာကြောင့် အန္တရာယ်တွေဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

အင်တာနက်သုံးဖို့အတွက်ဆိုရင်လည်း သူ့ရွာကနေ နှစ်မိုင်လောက်ဝေးတဲ့ ကုန်းအမြင့်လိုနေရာမျိုးတွေမှာ သွားသုံးရတာဖြစ်ပြီး အဲ့ဒီနေရာကိုလည်း အင်တာနက်လိုင်းမကောင်းသလို စားဝတ်နေရေးအတွက် အလုပ်အကိုင်တွေရှိတာကြောင့် နေ့စဉ် သွားမသုံးနိုင်ဘူးလို့ ပြောပါတယ်။

အဲ့ဒီလို အင်တာနက်မရတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါမျိုးတွေမှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

“အဲ့ဒီလိုအချိန်မျိုးတွေမှာ လူတွေကဆက်သွယ်လို့လည်းမရ စစ်ကောင်စီစစ်ကြောင်းကလည်း ဘယ်နားရောက်လာလို့ရောက်လာမှန်းလည်း မသိဘူး။ စိတ်တွေတအားပူရတယ်။ ကိုယ်သွားတဲ့လမ်းကြောင်းများ ပိတ်နေတာလားနဲ့ အဲ့ဒီလိုမျိုးတွေဖြစ်မိတယ်”လို့ အင်းပတ်ကျေးရွာက မဝင်းဝင်း(အမည်လွှဲ)က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ တပတ်အတွင်းမှာကို စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ ၁၆,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်တာနက် ပြတ်တောက်မှု

အင်တာနက်လိုင်းပြတ်တောက်မှုတွေနဲ့ ပတ်သက်လို့ ပုံစံသုံးမျိုးတွေ့ရတယ်လို့ KnHRG တည် ထောင်သူ ကိုဗညားကပြောပါတယ်။ နွေဦးတော်လှန်ရေးအစမှာ Mytel ဆက်သွယ်ရေးတာဝါတိုင်တွေ ဖျက်ဆီးခံရတာ၊ လျှပ်စစ်မီးမရရှိတာနဲ့ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်တာလို့ ဆိုပါတယ်။

 “တာဝါတိုင်တော်တော်များများ တချို့တာဝါတိုင်က တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီတခုက မဟုတ်ဘူးလေနော်။ နှစ်ခုသုံးခုချိတ်ထားတဲ့အခါကျရင်လည်း Mytel ပဲဖျက်တယ်ဆိုရင်တောင် အခြားစနစ်ပါပျက်တာလည်း ကျွန်တော်တို့တွေ့တာရှိပါတယ်” လို့ ကိုဗညားက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ကရင်နီပြည်နယ်မှာ အင်တာနက်ပြတ်တောက်မှုတွေဟာ လျှပ်စစ်မီးမရတာနဲ့ စစ်ကောင်စီဘက်က လိုင်းအားကိုလျှော့ချလိုက်တာတွေကြောင့် အများဆုံးဖြစ်ပွားတယ်လို့ ကိုဗညားကပြောပါတယ်။

အင်းပတ်ကျေးရွာက မဝင်းဝင်းကတော့ သူတို့ရွာကို စစ်ကောင်စီတပ်က လျှပ်စစ်မီးရော၊ အင်တာနက်လိုင်းရောဖြတ်တောက်ထားတာလို့ပြောပါတယ်။

 “သူတို့ကို ထောက်ခံတဲ့ရွာတွေကျတော့ ရေဦးဘက်ကျတော့ မီးတွေလည်းရတယ်။ အင်တာနက်လည်းရတယ်။ ကျွန်မတို့ကျတော့ ရေဦးနဲ့က ဟိုဘက်ဒီဘက်လေ။ တကယ်တမ်းကျတော့ ကျွန်မတို့ဘက်ကိုသူတို့က သေချာကိုလုပ်ပြီးတော့ မီးရော အင်တာနက်ရောကို ဖြတ်တာပါ”လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး နောက် စစ်ကောင်စီက အင်တာနက်ဖိနှိပ်မှု တွေကို စိတ်ကြိုက်လုပ် ဆောင်ခဲ့ပြီး တနိုင်ငံလုံးမှာ အင်တာနက်ဝန် ဆောင်မှုအခွန်နဲ့ ဖုန်းဆင်းကတ်အခွန် တွေကိုလည်း တိုးမြှင့် ကောက်ခံခဲ့ပါတယ်။

ခေတ်နောက်ပြန်လျှောက်ရခြင်း

ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားရွာက ဒေသခံဦးထွန်းထွန်း (အမည်လွှဲ)အတွက်တော့ အင်တာနက်လိုင်းဖြတ်တောက်ခံရတာဟာ မပြောပလောက်တော့ပါဘူးလို့ ဆိုပါတယ်။

 “လူတယောက်ကို ဆက်သွယ်လို့ ရချင်တယ်ဆိုရင် စာနဲ့ရေးပြီးတော့မှ လူတယောက်ကို ပို့ခိုင်းရတယ်”လို့ သူကဆိုပါတယ်။

အဘောင်သားရွာကနေ ခြေလျင်ခရီးဆိုရင် တနာရီလောက်သွားရတဲ့ ပလက်ဝမြို့ကို ရောက်နေစဉ်မှာ ဖုန်းကနေတဆင့် မဇ္စျိမကို ပြောတာပါ။ သူတို့ရွာက လူတွေက ငွေလွှဲ၊ ငွေထုတ်လုပ်ချင်တာ ဒါမှမဟုတ် ဖုန်းပြောချင်တာမျိုးဆိုရင် ပလက်ဝမြို့ကိုသွားရပါတယ်။

ပလက်ဝမြို့နယ်ဟာ အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့ NLD  အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ဇွန်လကစပြီး အင်တာနက်အပိတ်ခံရတာ၊ အင်တာနက်အမြန်နှုန်းလျှော့ချခံရတာတွေ ပြုလုပ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ထဲမှာ အင်တာနက်ပြန်ရခဲ့ပြီး စက်တင်ဘာမှာ တကျော့ပြန်အင်တာနက်ဖြတ် တောက်ခံလိုက်ရတာပါ။

 “ဒီမှာတော့ သတင်းတွေဘာတွေက တီဗီတို့ စကိုင်းနက်တို့က ကြည့်ကြတယ်လေ။ သတင်းတွေဘာတွေလည်း မကြားရတာကြာပြီဆိုတော့ အဲ့ဒီလိုပဲ ။ မီးကလည်း ဒီဖက်ရပ်ကွက်က ဒီနေ့ပေးလို့ရှိရင် ဟိုဖက်ရပ်ကွက်ကမရဘူး”လို့ ပလက်ဝမြို့က ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

လက်ရှိမှာလည်း ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်းတွေရပေမယ့် အချိန်အကန့်အသတ်နဲ့သာဖြစ်ပြီး ညနေပိုင်းရောက်တဲ့အခါ ဖုန်းခေါ်လို့ အဆင်မပြေတော့ဘူးလို့ သူကပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာတော့ အင်တာနက်လိုင်းမရတဲ့အပြင် ဖုန်းလိုင်းတွေကလည်း နံနက် ၇ နာရီကနေညနေ ၆ နာရီလောက်အထိသာ အသုံးပြုလို့ရပြီး အဲ့ဒီနောက်ပိုင်း ဘာမှဆက်သွယ်လို့မရတော့ဘူးလို့ ဒေသခံတဦးကပြောပါတယ်။

“သာရေးနာရေးတွေမှာ အခက်အခဲတွေ ညရေးညတာတွေမှာ ညဉ့်နက်တဲ့အခါတွေ မနက်အစောကြီး မိုးမလင်းခင်အခါမျိုး အသေအကျေတွေရှိတဲ့အခါကျတော့ ဖျားနာတာတို့ အဲ့ဒီအခါတွေက ဆက်သွယ်ရအတော်ခက်တာ ဖုန်းလိုင်းပြန်ဖွင့်မှ အဆက်အသွယ်လုပ်ရတာ” လို့ဆိုပါတယ်။

 
လက်လှမ်းမမီသေးတဲ့ အင်တာနက်

ပြီးခဲ့တဲ့ ဇွန်လထဲမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ Starlink အင်တာနက်စတင်အသုံးပြုလို့ရနေပြီဆိုတဲ့ သတင်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပါတယ်။

 Free Burma Rangers အဖွဲ့တည်ထောင်သူ David Eubankက ကယားပြည်နယ်တနေရာမှာ Starlink အင်တာနက်အသုံးပြုလို့ရတဲ့အကြောင်း ဇွန်လ ၈ ရက်နေ့က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 ဒါပေမဲ့ Starlink အင်တာနက်ဟာ ဈေးနှုန်းကြီးမြင့်လွန်းတဲ့အတွက် သာမာန်လူထုတွေအတွက်တော့ သုံးနိုင်တဲ့အနေအထားမရှိဘူးလို့ ကိုဗညားကပြောပါတယ်။

 “တကယ့်ကို ချမ်းသာပြီးတော့ တကယ့်ကို အဖွဲ့အစည်းအကြီးကြီးတွေကသာလျှင် မဖြစ်မနေ ရတာ သုံးရခြင်းဖြစ်တယ်။ တကယ့်လက်တွေ့ကတော့ လူထုတရပ်လုံးအတွက် ဘယ်လိုမှတော့ လက်လှမ်းမီအောင် ဘယ်လိုမှ လုပ်ပေးလို့ရမယ့် ဝန်ဆောင်မှုမဟုတ်ဘူး” လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေထဲက အနည်းဆုံး ၁၅မြို့နယ်မှာ အင်တာနက်သုံးစွဲနိုင်အောင် ဆောင်ရွက်ထားနိုင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်မှာ ပြုလုပ်တဲ့ Global Town Hall အစီအစဉ်မှာ ထည့်သွင်းပြောထားတာရှိပါတယ်။

“လတ်တလောက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေလည်ပတ်ဖို့ကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူတွေကို Service(ဝန်ဆောင်မှု) ပေးနိုင်တဲ့ အခြေအနေရောက်အောင်လဲ ကြိုးစားဆောင်ရွက်သွားမှာပါ”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္စျိမကို ပြောပါတယ်။

လက်ရှိ အင်တာနက်ရရှိအောင် ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကို နိုဝင်ဘာလ ၇ ရက်နေ့က မဇ္စျိမက ဆက်သွယ်မေးမြန်းထားပေမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာမှာတော့ ဒေသခံတွေက သူတို့အစီအစဉ်နဲ့သူတို့ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေအသုံးပြုနေတယ်လို့ သိရပါတယ်။ 

မိုဘိုင်းအင်တာနက်လိုင်း တွေ ဖြတ် တောက်ခံထားရတာဖြစ်ပြီး ဝိုင်ဖိုင်အင်တာနက်လိုင်းက တော့ အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ ဒါကအနည်းစုသာ သုံးနိုင်တာဖြစ်ပြီး တရွာလုံးမှာ ဝိုင်ဖိုင်အင်တာနက်သုံးနိုင်တဲ့သူဟာ လက်ချိုးရေတွက်မယ်ဆိုရင် လက်ငါးချောင်းတောင် မပြည့်ပါဘူးလို့ဆိုပါတယ်။

 “အလုပ်လုပ်တဲ့သူတွေလောက်ပဲသုံးတာ။ ငွေလွှဲငွေထုတ်တွေလောက်ပဲသုံးတာ။ ဟိုလိုကတော့ သိပ်ပြီးတော့ မသုံးကြဘူး။ ဝိုင်ဖိုင်ကလည်း တလချင်းဘေလ်ဆောင်ရတာဆိုတော့ အလုပ်မရှိတော့ သိပ်မသုံးနိုင်ကြဘူး”လို့ မဝင်းဝင်းက ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တရုတ်နိုင်ငံပြီးရင် အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်ခံရတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်မတို့ဘက်က နိုင်ပြီဆိုမှရတော့မှာနေမှာ ။ သူတို့ဘက်ကတော့ ဒီအတိုင်းဖွင့်ပေးမှာမဟုတ်လောက်ဘူး" လို့ အင်းပတ်ရွာက မဝင်းဝင်းက ထင်မြင်ပါတယ်။

 “တခြားနေရာတွေပြောင်းဖို့စဉ်းစားမယ်ဆို‌ သြော်ပြီးတော့ပြီးလောက်ပါပြီလေလို့ ကိုယ့်ရွာလေးလည်း မပစ်ရက်ဘူး။ ဒီဘက်ပဲ အဲ့ဒီလိုမျိုးပဲနေမိတော့တာ။ ပြီးလောက်တော့မှာပါနဲ့ပဲ အောက်မေ့နေရတာ”

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ် - အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required