မန္တလေးမြို့ကို သိမ်းပိုက်မယ့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ကြောင်း ကြေညာ

By မဇ္ဈိမ 
14 November 2023
မန္တလေးမြို့ကို သိမ်းပိုက်မယ့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ကြောင်း ကြေညာ

မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်နေ့  နံနက်ပိုင်းတွင် ပြည်သူများကို အသိပေးကြေညာထားသည်။

မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီ ဖြစ်ကြောင်း မန္တလေးခရိုင်ပူးပေါင်းတပ်ဖွဲ့က မန္တလေးမြို့ထဲတွင် စာရွက်များကျဲပြီး ပြည်သူများကို အသိပေးခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး စတင်သည့်အနေဖြင့် မန္တလေးမြို့ရှိ အမှတ်(၂) ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေးတပ်ဝန်းအတွင်းသို့ fixed Wing Drone  ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်သမန်လမ်းမပေါ်တွင် PDF အလံကို စိုက်ထူခဲ့ကြောင်း ရွှေပြည်စိုးစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။

တဆက်တည်းတွင်ပင် နောင်ချိုမြို့နယ် သုံးဆယ်ရွာ အနီးတွင်လည်း စစ်ကောင်စီနှင့် TNLA၊ မန္တလေး PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးကို မန္တလေးခရိုင်အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မန္တလေးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ် ရင်း ၅ နှင့် တပ်ရင်း ၆ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွှေပြည်စိုးစစ်ဆင်ရေးစတင်လိုက်သည်ကို မိဘပြည်သူများအား အသိပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)  နှင့် အတူ တိုက်ပွဲများဖော်ဆောင်နေပြီး မန္တလေးမြို့အနီးထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ကြိုဆိုကြောင်းနှင့် မန္တလေးမြို့ကို စိုးမိုးနိုင်ရေး “ရွှေပြည်စိုး စစ်ဆင်ရေး” ကို ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က  မန္တလေးခရိုင် တပ်ရင်းများ ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါစစ်ဆင်ရေးနှင့်အတူ နိုင်ငံတစ်ဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျဆုံးရေး ခုခံတွန်းလှန်စစ်များသည် မလွဲမသွေ ရာနှုန်းပြည့်‌‌ အောင်မြင်မည်ဟု ယုံကြည်ပါ ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီအပေါ် ထိုးစစ်များ ဆင်နွှဲလျက်ရှိရာ ၎င်းထိုးစစ်များ အားလုံးနှင့် အတူ တစ်သားတည်း ရပ်တည်နေကြောင်းနှင့် အနိုင်ရ တိုက်ပွဲများကိုလည်း ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly