ကမ္ဘာ့ အပူဆုံးနှစ်ရဲ့ဒဏ်ကို ကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ကမ္ဘာ့ အပူဆုံးနှစ်ရဲ့ဒဏ်ကို ကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ယခုနှစ် ဇန်နဝါရီလသည် ကမ္ဘာ့ သမိုင်းတွင် အပူဆုံးလအဖြစ် စံချိန်တင်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံ ဒေသအချို့တွင် အပူချိန် ၄၀ နှင့်အထက် ရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားရာ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်မှ ကာကွယ်ရန် အောက်ပါ အချက်များကိုလိုက်နာကြရန် နှိုးဆော်ထားသည်။

အပူဒဏ် အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်

နွေရာသီနှင့် ရာသီဥတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှု များပြားတတ်ပါသည်။ ထိုသို့ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားနာဖုများ ထွက်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်ပါသည်။သို့ဖြစ်ပါ၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် အောက်ပါ အချက်အလက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

(၁) နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင်နေပါ။

(၂) နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။

(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။

(၄) အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့်ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါသည်။

(၅) နေခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။

(၆) အလင်းရောင်ပြန်သော အမဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။

(၇) ပွပွ ချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း နိုင်ရန် ဓာတ်ဆားရည် သောက်ပါ။

(၉) ကိုယ်အပူရှိန်တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ပါ။

(၁၀) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ အနေဖြင့် နေ့လည်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုးတွင် နားနေပါ။

(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်း နှင့်အတက်ရောဂါ ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ပြသပါ။

ဟု လမ်းညွှန်ထားသည်။

 

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း “၂၀၁၆ ခုနှစ် ဇန်နဝါရီလဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးဇန်နဝါရီလအဖြစ်စံချိန်သစ်တင်ခဲ့ပါတယ်။ တစ်ခါ (၁၂)လ Running average အဖြစ် (February 2015–January 2016) အထိ (၁၂)လတာကာလဟာလည်း ကမ္ဘာ့သမိုင်းမှာ အပူဆုံး(၁၂)လအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း NASA အဖွဲ့ကြီးမှ (၁၆-၂-၂၀၁၆)ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်” ဟု ဆိုထားသည်။

မြန်မာနိုင်ငံ ဒေသအတော်များများတွင် ခရမ်းလွန်ရောင်ခြည် လွန်ကဲသည့် အဆင့်ကို ရောက်ရှိနေပြီး “မကွေးတိုင်းအနောက်တောင်ပိုင်းမှာ 40°C(104°F) ကိုရောက်နိုင်ပါတယ်။ အခုရက်တစ်ပတ် အတွင်းမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နဲက တနင်္သာရီတိုင်းတွေမှာ40°C(104°F) ကိုရောက်နိုင်ပါတယ်” ဟုလည်း ဦးထွန်းလွင်က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required